Advertisements

ပဲခူး၊ အောက်တိုဘာ ၃ ရက်။

ပဲခူးတိုင်းဒေသကြီးအတွင်း တိုင်းရင်းသားပညာသင်ကြားနေသော အခြေခံပညာကျောင်းများ၌ ယခုပညာသင်နှစ်(၄)လကျော်ကာလအထိ တိုင်းရင်းသားစာပေ ကျောင်းသုံးပြဌာန်းစာအုပ် လုံလောက်စွာ မရရှိသေးကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးထံမှ သိရှိရသည်။

၂၀၁၇-၂၀၁၈ပညာသင်နှစ်အတွင်း ပဲခူးတိုင်းဒေသကြီး၌ တိုင်းရင်းသားစာပေသင်ကြားပေးသည့် ကျောင်းပေါင်း (၅၁၂)ကျောင်းတွင် ဆရာ၊ ဆရာမဦးရေ(၁၂၀၀)ကျော်မှ သင်ကြားပေးလျှက်ရှိပြီး တိုင်းရင်းသားစာပေ သင်ယူနေသည့် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၃၅၀၀၀)ကျော်ရှိကာ စကော ကရင် ဘာသာ၊ မွန်ဘာသာ၊ အရှိုချင်းဘာသာ၊ ပအို့ဘာသာ၊ ရှမ်းဘာသာ၊ ပိုးကရင်ဘာသာတို့ကို သင်ကြားပေးနေကြောင်း သိရသည်။

“ကျောင်းတွေဖွင့်တာကြာပြီ။ အခုချိန်အထိ တိုင်းရင်းသားစာပေ ပြဌာန်းစာအုပ်တွေ မရသေးတဲ့ ကျောင်းသားတွေ အများကြီးကျန်နေသေးတယ်။ ဒီကိစ္စကို ကရင်စာပေယဉ်ကျေးမှုကော်မတီက လာရောက်တင်ပြထား ပါတယ်။ ကျွန်မကတော့ ဝန်ကြီးချုပ်ထံ ဆက်လက်တင်ပြပေးမယ်လို့ ပြောလိုက်ပါတယ်။ ကျောင်းချိန်ပြင်ပမှာ တိုင်းရင်းသားဘာသာရပ်ကို သင်ကြားရတာပါ။ ပြောင်းရွှေ့သွားတဲ့ ဆရာတွေအတွက် သင်ကြားမှုမှာ အခက်ခဲရှိတာတွေလည်း ရှိနေပါတယ်။”ဟု ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဒေါ်နော်ပွယ်စေးက ပြောသည်။

ပဲခူးတိုင်းဒေသကြီးတွင် မြို့နယ်အလိုက် တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုနှင့်စာပေကို ထိန်းသိမ်း စောင့်ရှောက်ရန်ရည်ရွယ်၍ ဖွဲ့စည်းထားသည့် ကရင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ (၂၆)ခု၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီ(၁၀)ခု၊ ချင်းစာပေနှင့် ယဉ်ကျေးမှုကော်မတီ(၇)ခု၊ ကယား စာပေနှင့် ယဉ်ကျေးမှုကော်မတီ(၂)ခု၊ မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ(၂)ခု၊ ပအို့စာပေနှင့် ယဉ်ကျေးမှုကော်မတီ (၅)ခုရှိကြောင်း သိရသည်။

“ဒီနှစ်မှာဌာနက တိုင်းရင်းသားပြဌာန်းချက်စာအုပ်အသစ်တွေ ချပေးတာမရှိပါဘူး။ ယခင်နှစ်က စာအုပ်တွေ ကိုဘဲ ကျောင်းသားတွေကိုပြန်ပြီး သုံးစေတာပါ။ လက်ကျန်အဟောင်းတွေဘဲ ဖြန့်ဝေပြီးသုံး နေတာပါ။ ပြဌာန်းစာအုပ်ပိုနေတဲ့ ကျောင်းတွေဆီက လိုအပ်နေတဲ့ကျာင်းတွေကို ဖြန့်ဝေပေးပို့ဖို့ စီစဉ် ညွှန်ကြားသွားမှာပါ။”ဟု ပဲခူးတိုင်းဒေသကြီး၊ ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက ပြောသည်။

ပဲခူးတိုင်းဒေသကြီးတွင် တိုင်းရင်းသားလူမျိုးစု(၆)မျိုး နေထိုင်ကြပြီး ကရင်လူမျိုးလူဦးရေ (၂)သိန်းဝန်းကျင်၊ ရှမ်းလူမျိုးစုလူဦးရေ (၂၆၀၀၀)ကျော်၊ အရှိုချင်းလူမျိုးလူဦးရေ (၃၀၀၀၀)ကျော်၊ မွန်လူမျိုးလူဦးရေ (၃၀၀၀၀)ကျော်၊ ကယားလူမျိုးလူဦးရေ (၂၆၀၀၀)ကျော်နှင့် ပအို့လူမျိုးလူဦးရေ (၂၀၀၀၀)ကျော်နေ ထိုင်ကြကြောင်း သိရသည်။

Written by – MMK

Advertisements
<

Leave a Reply