Advertisements

ပဲခူး၊ အောက်တိုဘာ ၁၃ ရက်။

ပဲခူးမြို့နယ်ရှိ အထက်တန်းကျောင်း(၁၀)ကျောင်းမှ ကျောင်းသူ/ကျောင်းသားများ လူ့အခွင့်အရေးကိစ္စများ သိစေရန် အသိပညာပေး ဟောပြောဆွေးနွေးခြင်းများကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP)အဖွဲ့က ဟောပြောပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

ပဲခူးမြို့အမှတ်(၂)၊ (၃)၊ (၅)၊ (၆)နှင့် (၇)အထက်တန်းကျောင်းများ၊ ပဲခူးမြို့၊ ကျောက်ကြီးစုရှိ တွဲဖက်အထက် တန်းကျောင်း၊ အင်းတကော်မြို့အထက်တန်းကျောင်း၊ ထုံးကြီးကျေးရွာအထက်တန်းကျောင်း၊ ဘုရားကြီးမြို့ အထက်တန်းကျောင်း၊ ပျဉ်ပုံကျေးရွာအထက်တန်းကျောင်းတို့တွင် အောက်တိုဘာ ၁၁ ရက်မှ ၁၇ ရက်အတွင်း ဟောပြောသွားမည်ဖြစ်ကြောင်း သိရသည်။

“တစ်ချိန်မှာ တိုင်းပြည်ရဲ့အနာဂတ်ခေါင်းဆောင်တွေဖြစ်လာမယ့် မျိုးဆက်သစ်လူငယ်တွေကို လူ့အခွင့်အရေး ဆိုတာဘာလဲဆိုတာ ဆွေးနွေးရှင်းပြတာပါ။ သူတို့ကိုယ်တိုင် လူ့အခွင့်အရေးကိုသိရှိနားလည်ပြီးတော့ လေးစား လိုက်နာပြီး ကာကွယ်နိုင်တဲ့ခေါင်းဆောင်ကောင်းတွေဖြစ်ဖို့အတွက်ကိုအဓိကရည်ရွယ်ပြီးလုပ်ဆောင်ပေးတာပါ။ တာဝန်ဝတ္တရားဆိုတာ စနစ်တကျသိရှိနားလည်ဖို့ပါ။”ဟု AAPP မှ မြန်မာပြည်တာဝန်ခံ ဦးအောင်မျိုးဇော်က ပြောသည်။

အဆိုပါ လူ့အခွင့်အရေးုဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲများကို ပဲခူးတိုင်းဒေသကြီးအစိုးရခွင့်ပြုချက်နှင့် တိုင်း ပညာရေးမှူး၊ သက်ဆိုင်ရာကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၏ပံ့ပိုးကူညီမှုများဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ် ပြီး ကျန်တိုင်းနှင့် ပြည်နယ်အသီးသီးတွင်လည်း ဆွေးနွေးပွဲများဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်မတို့နိုင်ငံမှာ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး ပြဌာန်းသင်ကြားပေးတာတွေမရှိတော့ လူငယ်အများစုက လူ့အခွင့်အရေးဆိုတာဘာလဲ၊ မသိကြဘူး။ အခုလိုကျောင်းတွေမှာ လူ့အခွင့်အရေး အသိပညာပေးဆွေးနွေးပွဲ တွေ လိုက်လုပ်ပေးတော့ ကျောင်းသားတွေအတွက် ကျေးဇူးများပါတယ်၊ ဒါတွေကလည်း နိုင်ငံသားတိုင်း သိ ထားသင့်တဲ့အချက်တွေပါ”ဟု ပဲခူးမြို့အမှတ်(၂)အထက်တန်းကျောင်းမှ ဆရာမတစ်ဦးကပြောသည်။

ပဲခူးတိုင်းဒေသကြီး၊ မြို့နယ်(၈)ခုအတွင်းရှိ အထက်တန်းကျောင်းနှင့် အထက်တန်းကျောင်းခွဲပေါင်း (၇၃)ခုတွင် လူ့အခွင့်အရေးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲများ ပြုလုပ်ရန်လျာထားရာ သြဂုတ်လအတွင်း (၆၃)ကျောင်း တွင် ဆွေးနွေးပို့ချပေးခဲ့သည့်အပြင် ကိုယ်ပိုင်အထက်တန်းကျောင်းများက ဖိတ်ခေါ်လျှင်လည်း လိုက်လံဆွေး နွေးပို့ချပေးလျက်ရှိကြောင်း သိရသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)က လူ့အခွင့်အရေးဆိုင်ရာအသိပညာပေးဆွေး နွေးပွဲများကို သြဂုတ်လမှ စတင်ဆောင်ရွက်ခဲ့ရာ ပြည်၊ ပေါင်းတည်၊ သာယာဝတီ၊ ဇီးကုန်း၊ ဖြူး၊ ညောင်လေး ပင်၊ တောင်ငူမြို့များရှိအထက်တန်းကျောင်းများတွင် တစ်ရက်လျှင် နှစ်ကျောင်းနှုန်းဖြင့်ပြုလုပ်ခဲ့ကြောင်း သိရသည်။

Written by – MMK

 

Advertisements
<

Leave a Reply