Advertisements

ပဲခူး၊ အောက်တိုဘာ ၂၇ ရက်။

ပဲခူးတိုင်းဒေသကြီး ဥဿမြို့သစ်ရပ်ကွက်ကြီး(၉)ရှိ Karisma Apparel (ခ)လိမ္မော်ရောင်အထည်ချုပ်စက်ရုံတွင် သရဲဝင်ပူးခံရသည်ဟုဆိုကာ ဆေးရုံတက်ရောက်ကုသနေရသော အလုပ်သမား(၂၀)ကျော်ကို လစာ ဖြတ်တောက်ခြင်းမပြုရန် စက်ရုံမှ တာဝန်ရှိသူများနှင့် တိုင်းအစိုးရဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ညှိနှိုင်းဆွေးနွေးရာ သဘောတူညီမှုရရှိခဲ့ကြောင်း သိရှိရသည်။

အောက်တိုဘာ (၂၄)ရက်နှင့် (၂၆)ရက်များတွင် စက်ရုံအလုပ်သမားအချို့သရဲဝင်ပူးသည့် လက္ခဏာ ခဏခဏ ဖြစ်ပေါ်နေသဖြင့် စက်ရုံထမင်းစားဆောင်တွင် အောက်တိုဘာ(၂၆)ရက်က သံဃာတော်အရှင်သူမြတ်တို့အား ပင့်ဖိတ်၍ တရားတော်များ နာယူနေစဉ် သရဲဝင်ပူးသည့် လက္ခဏာထပ်မံဖြစ်ပွားခဲ့ပြီး အလုပ်သမား(၂၀)ကျော် ပဲခူးဆေးရုံတွင် (၄)ရက်ခန့် ဆေးရုံတက်နေရပြီး ၎င်းတို့ကို လစာဖြတ်တောက်ခြင်းမပြုရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

“နှစ်ရက်ဆက်တိုက်အလုပ်လုပ်နေတုန်း စက်ရုံက အမျိုးသမီးအချို့ကို သရဲဝင်ပူးပါတယ်။ အလုပ်သမားတွေ အကုန် ရုန်းရင်းဆန်ခတ်တွေဖြစ်သွားခဲ့ပါတယ်။ ဝင်ပူးခံရတဲ့ အမျိုးသမီးက လူစားလဲမယ်၊ လူစားလဲမယ် ဆိုတော့ အားလုံးက အထိတ်တလန့်ဖြစ်သွားကြတယ်။ အချို့ကလည်း ကြောက်လန့်ပြီး ထွက်ပြေးကြတော့ ထိခိုက် ဒဏ်ရာရတာတွေဖြစ်သွားခဲ့တယ်။ ဘုန်းကြီးပင့်ပြီး တရားနာတော့ သရဲဝင်ပူးခံရတဲ့သူတွေ ပိုများ လာတာ တွေ့ရတယ်။ ကျွန်မတို့ မိဘအုပ်ထိန်းသူတွေလည်း စိုးရိမ်နေကြတယ်။ စက်ရုံပိတ်မှာကိုလည်း စိုးရိမ်ကြတယ်။“ဟု လိမ္မော်ရောင်အထည်ချုပ်စက်ရုံမှ အလုပ်သမား တစ်ဦးက ပြောသည်။

ဆေးရုံတက်ကုသခံနေရသူလူနာများအတွက် သက်သာသွားသည်အထိ ကုသစေပြီး အဆိုပါ ရက်များ အတွက်လည်း လစာအပြည့်အဝပေးရန် စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီး ဦးညွန့်ရွှေနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ စက်ရုံ တာဝန်ရှိသူများတွေ့ဆုံကာ ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

“ပထမစဖြစ်တဲ့နေ့က မြွေဝင်လာတယ်ဆိုပြီး ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့ကြတယ်။ နောက်တစ်နေ့ ဆက်ဖြစ် တာက သရဲဝင်ပူးတာ(၂၀)ဦးကျော် (၃၀)နီးပါးဖြစ်ခဲ့တယ်။ ကလေးမတစ်ဦးက သရဲဝင်ပူးပြီး ကားလမ်းမကို ထွက်ပြေးတာ ကားတိုက်ပြီး ဆုံးသွားတယ်။ ဘုန်းကြီးပင့်တရားနာတဲ့အချိန် ပူးကပ်တာ ပိုများလာတဲ့အတွက် ဆေးရုံပို့လိုက်ရတယ်။ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေကတော့ စက်ရုံတာဝန်ရှိသူတွေနဲ့ စက်ရုံ လုပ်ငန်းရပ်ဆိုင်းထားတဲ့အတွက် လစာတွေမဖြတ်ဖို့ ဆွေးနွေးခဲ့ပါတယ်။ စက်ရုံကတော့ လောလောဆယ် ပိတ်မယ့် အစီအစဉ် မရှိသေးပါဘူး။”ဟု ပဲခူးမြို့ မဲဆန္ဒနယ်မှ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးညွန့်ရွှေက ပြောသည်။

လိမ္မော်ရောင်အထည်ချုပ်စက်ရုံသည် တရုတ်လူမျိုးပိုင်စက်ရုံဖြစ်ပြီး အလုပ်သမားအင်အား (၂၀၀၀)ကျော်ရှိကာ အောက်တိုဘာ (၂၃)ရက်တွင် စက်ရုံထမင်းစားဆောင်တွင် အလုပ်သမားများ ထမင်းစားနေကြစဉ် မြွေတစ်ကောင်တွေ့ရှိသည့်အတွက် အထိတ်တလန့် ထွက်ပြေးဒဏ်ရာရခဲ့ကြကြောင်း သိရသည်။

နောက်ရက်များတွင်လည်း သွပ်မိုးပေါ်မှ မိုးသီးမိုးပေါက်ကျသကဲ့သို့အသံများကြားရသဖြင့် အလုအယက် ထွက်ပြေးကြရာ အလုပ်သမားအချင်းချင်း ထိခိုက်မှုဖြစ်ပြီး၊ တက်နင်းခံရသဖြင့် ထိခိုက်ဒဏ်ရာရသူများနှင့် သရဲဝင်ပူးခံခဲ့ရသူ(၂၀)ကျော်ကို ပဲခူးအထွေထွေရောဂါကုဆေးရုံကြီးတွင် ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။

Written by – MMK

Advertisements
<

Leave a Reply