ပျဉ်းတော်သိမ်ရွက် နဲ့ ကျန်းမာရေး

ဒီတစ်ပတ်အစာလည်းဆေး၊ ဆေးလည်းအစာကဏ္ဍမှာ တင်ပြချင်တာကတော့ အလွယ်တကူ အလကား လိုသလောက်ရပြီး၊ ကင်ဆာရောဂါနဲ့ နှလုံးရောဂါကိုတားဆီးပေးနိုင်တယ်ဆိုတဲ့ ပျဉ်းတော်သိမ်ရွက်အကြောင်းပဲဖြစ်ပါတယ်။

ပျဉ်းတော်သိမ်ဟာ သြစတေးလျတိုက်နဲ့ အာရှတိုက်မှာပေါက်ရောက်တဲ့အပင် တစ်မျိုးဖြစ်ပြီးတော့ မျိုးရင်း Rutaceaeတွင် ပါဝင်တဲ့ မျိုးရင်းခွဲ အမြဲစိမ်းအပင် Aurantioideae ရဲ့ မျိုးစုတစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ နေရာအနှံ့အပြားမှာ သဘာဝအလျောက် ပေါက်ရောက်ပါတယ်။

မြန်မာဆေးကျမ်းအလိုရ ပျဉ်းတော်သိမ်ဟာ ခါးသက်သက်ရှိတယ်၊ ဖန်တယ်၊ ပူတယ်၊ ကြေညက်လွယ်တယ်၊ အပူကိုငြိမ်းစေတယ်၊ ဆီးကိုရွှင်စေတယ်၊ အစာကိုကြေစေတယ်၊ နူနာ၊သွေးဖောက်ပြန်ရောဂါ၊ အဆိပ်သင့်နာတို့ကို နိုင်တယ်လို့ဆိုပါတယ်။
မွန်ပြည်နယ်မှာ ဆီသတ်ရွက်၊ ထောပတ်ရွက်လို့ အမျိုးမျိုးခေါ်ကြတဲ့ ပျဉ်းတော်သိမ်ရွက်ဟာ ဗီတာမင် အေ၊ စီ၊ B1၊ B2၊ ထုံးဓာတ်၊ သံဓာတ်၊ ကစီဓာတ်၊ အမျှင်ဓာတ်၊ အသားဓာတ်တို့ ပါဝင်ပါတယ်။

သူ့မှာ အမိုင်နိုအက်ဆစ်များစွာလည်း ပါဝင်ပါတယ်၊ အဲဒီအက်ဆစ်တွေက အစားအသောက်တွေကို မွေးကြိုင်တဲ့အနံ့ဖြစ်စေပြီး ရောဂါအမျိုးမျိုးကို ကာကွယ်ပေးပါတယ်။ သူ့မှာပါဝင်တဲ့ ဓာတ်တိုးတားဆီးမှုသတ္တိ(Antioxidant) က ကင်ဆာရောဂါနဲ့ နှလုံးရောဂါကို တားဆီးနိုင်တဲ့အပြင် မှတ်ဉာဏ်ကိုပါကောင်းမွန်စေတယ်လို့ အစားအသောက်သုတေသနပညာရှင်များကအဆိုပြုထားပါတယ်။

အဓိကအားဖြင့်တော့ လူအတော်များများကတော့ သူ့ရဲ့အရွက်ကို ဟင်းခတ်အမွေးအကြိုင်အနေနဲ့ သုံးပါတယ်။ အရွက်များများစားပေးခဲ့ရင် ဝမ်းကိုသက်စေပါတယ်။ ဒူလာဝမ်းနဲ့ လိပ်ခေါင်းသွေးကျခြင်းကိုလည်း သက်သာစေပါတယ်။ နို့ရည်ထဲမှာအဲဒီအရွက်ကို ထည့်ကျိုသောက်ခဲ့ရင် အဆိပ်ကိုပြယ်စေပါတယ်။

ဆေးပညာရှင်တွေကတော့ ပျဉ်းတော်သိမ်ရွက်ကို သွေးဆေး၊ လေဆေးဖော်စပ်ရာမှာ အသုံးပြုကြပါတယ်။ ဆီးချို၊ သွေးချိုဝေဒနာရှင်များအနေနဲ့ လတ်ဆတ်သော ပျဉ်းတော်သိမ်ရွက်ကို နေ့စဉ်အိပ်ရာထပြီး၊ အစာအစားခင်မှာ ၁၀ ရွက်လောက်စားပေးခဲ့ရင် ၃ လအတွင်း အဲဒီရောဂါကိုထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။

အဲလိုစားသုံးပေးတဲ့အတွက် ဆီးချိုကြောင့်ဖြစ်တဲ့ ခန္ဓာကိုယ်ဝဖြိုးတာတွေ၊ သွေးထဲမှာ လွန်ကဲစွာရှိနေတဲ့ ကိုလက်စထရောတွေကို လျှော့ချပေးမှာဖြစ်ပါတယ်။ သူ့မှာ ဗီတာမင်အေများစွာပါဝင်တဲ့အတွက်လည်း ကြိတ်ထားတဲ့အရည်ကို သောက်ပေးလို့ပဲဖြစ်ဖြစ်၊ အရွက်ကို ရေစင်စင်ဆေးပြီး တို့စရာအနေနဲ့ပဲဖြစ်ဖြစ် စားသုံးခဲ့မယ်ဆိုရင်လည်း မျက်စိအားကောင်း၊ အမြင်ကြည်လင်စေမှာဖြစ်ပါတယ်။ သူ့ရဲ့သတ္တုရည်ကို စားပွဲတင်ဇွန်းတစ်ဇွန်း၊ သံပရာရည်နှစ်ဇွန်းနဲ့ သကြားတစ်ဇွန်းရောပြီး မနက်တိုင်းသောက်ပေးခဲ့ရင် ပင်ပန်းနွမ်းနယ်တာ၊ မူးဝေတာ၊ အစားအသောက် အနံ့မခံနိုင်တာ၊ ဆာလောင်ပေမယ့် အစာစားလို့မရတာ၊ ကိုယ်ဝန်ရှိစအချိန် ပျို့အန်တာတွေကို ပျောက်ကင်းစေပါတယ်။ ဆံကေသာ နက်မှောင်တောက်ပပြီး သန်စွမ်းချင်ရင်တော့ ပျဉ်းတော်သိမ်ကို ပျစ်ပျစ်လေး ကျိုလိုက်ပါ၊ ပြီးရင် ဒိန်ချဉ်ထည့်ရောပြီး ဆံပင်မှာလိမ်းလိုက်ပါ၊ အဲဒီအတိုင်း ဦးရေပြားပေါ်မှ နာရီဝက်လောက်ထားပြီး ခေါင်းလျှော်ရည်အပျော့စားနဲ့ လျှော်လိုက်ပါ၊ အဲဒီအတိုင်းတစ်ပတ် တစ်ကြိမ်လောက် လုပ်ပေးခဲ့မယ်ဆိုရင် ဆံပင်အရှည်မြန်ပြီး နက်မှောင်တောက်ပတဲ့ ဆံကေသာပိုင်ရှင်ဖြစ်လာပါလိမ့်မယ်။ ဆံပင်ဖြူတာကို ပျောက်စေချင်ရင်တော့ အရွက်ကြိတ်ထားတဲ့ အရည်ကို အုန်းဆီနဲ့ရောပြီး၊ မီးမျှင်းမျှင်းမှာ ရေဓာတ်ကုန်တဲ့အထိ ကျိုချက်ပြီး အအေးခံပါ၊ အဲဒီအဆီကို ဦးခေါင်းမှာ နေ့တိုင်းလိမ်းပေးခဲ့ရင် ဖြူနေတဲ့ ဆံပင်မဲနက်လာပြီး၊ နောက်ထပ်ဖြူဖို့ မရှိတော့ပါဘူး။ အရက်ကို စွဲစွဲမြဲမြဲသောက်သုံးတဲ့သူတွေလည်း အသဲကျွမ်းပြီးဖျဉ်းမဖြစ်ရလေအောင် အရွက်ကြမ်းကို ပြုတ်သောက်ပေးသင့်သလို၊ အရွက်နုကိုလည်း တို့စား
ပေးသင့်ပါတယ်။

ဒါကြောင့်မို့ ဝယ်စရာလည်းမလို၊ အပင်ရှိတဲ့ အိမ်တိုင်းမှာ အလွယ်တကူ၊ တောင်းယူခူူးဆွတ်လို့လည်းရ၊ ကျန်းမာရေးအတွက်လည်းအထောက်အကူပြုတဲ့ ပျဉ်းတော်သိမ်ကို စားသုံးကြဖို့မမေ့ကြနဲ့နော်။

ဖိုးဝဇီ

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.