“ကျွန်တော့်ရည်မှန်းချက်ကို အပြည့်အဝ အကောင်အထည် အဖော်နိုင် ခဲ့ပေမယ့်လည်း အတွေ့အကြုံတွေ ပညာတွေကို နို့ဖိုးကနေ အများကြီး ရခဲ့ပါတယ်” ဟု နို့ဖိုး ဒုက္ခသည် စခန်း၌ နေထိုင်ခဲ့ပြီး မြန်မာပြည်သို့ ပထဆုံး အသုတ်နှင့် အဖြစ် ပြန်ခဲ့သည့် ဒုက္ခသည် ဖြစ်ကာ မွန်ပြည်နယ်၏ ပထမဆုံး အသုတ်တွင် ဝါဝင် ခဲ့သည့် တဦးတည်းသော ပြည်တော်ပြန် ဒုက္ခသည် ကိုမျိုးသိန်းက ဆိုသည်။

myo-thein

ဆံပင် တိုနံ့နံ့၊ အသား ညိုညို၊ ခန္ဓာကိုယ် ပိန်ပိန် ပါးပါးနှင့် အသက် လေးဆယ်ကျော်ပြီ ဖြစ်သော ကိုမျိုးသိန်းမှာ ထိုင်းနိုင်ငံ နို့ဖိုး ကျေးရွာ ဒုက္ခသည် စခန်းတွင် ကိုးနှစ် နီးပါးနေထိုင်ခဲ့ပြီး မကြာခင် ရက်ပိုင်းကမှ အမိမွေးရပ်မြေ သံဖြူဇရပ်မြို့သို့ ဒုက္ခသည် အမည်ခံ ပြန်လာ ခဲ့သူ ဖြစ်သည်။

မွေးချင်းသုံးယောက်အနက် သားအကြီးဆုံးဖြစ်သည့် ကိုမျိုးသိန်းမှာ မတည်ငြိမ်သည့် မိသားစု စားဝတ်နေရေးကို ဖြေရှင်းနိုင်ရေးအတွက် မြန်မာနိုင်ငံတစ်ဖက်ကမ်း ထိုင်းနိုင်ငံသို႔၂ဝဝ၆ခုနှစ် ဇန်နဝါရီ ၂ရက်နေ့က ရွာမှ ရော်ဘာစေး လှီးဖက် သူငယ်ချင်း များနှင့် အတူ အောက်လမ်း (တရားမဝင် နယ်စပ် ဖြတ်ကျော်လမ်း) မှ သွားရောက်ခဲ့သည်။
ရွာမှ ထွက်ပြီးရက်အနည်းငယ်အကြာတွင် ထိုင်းနှင့် မလေးရှားနယ်စပ်မြို့တစ်မြို့ဖြစ်သည့် ဟပ်ယိုင်မြို့သို့ရောက်ရှိသွားပြီး ငယ်စဉ် ကတည်းက ကျွမ်းကျွမ်း ကျင်ကျင် ရှိခဲ့သည့် ရာဘာ အစေးခြစ် လုပ်ငန်း၌ပင် တစ်ရက်လျှင် ထိုင်းဘတ်ငွေ သုံးရာဖြင့် ဝင်ရောက် လုပ်ကိုင် ခဲ့လေသည်။

ထိုသို့ ထိုင်းတွင်ရာဘာအစေးလှီးရင်း တစ်နှစ်ခွဲခန့်အကြာ မြန်မာ့သမိုင်းတွင်ထင်ရှားခဲ့သည့် ရွှေဝါရောင် အရေး အခင်း ဖြစ်ပွားခဲ့ပြီး အဆိုပါ အရေးအခင်း၏ နောက်ဆက်တွဲ သတင်းများကြောင့် ကိုမျိုးသိန်းမှာ နို့ဖိုး ဒုက္ခသည် စခန်းသို့ ရောက်ရှိရန် အကြောင်းဖန် လာခဲ့သည်။

၎င်းမှာ ရွှေဝါရောင် အရေး အခင်းမှ ပါဝင်သူ အချို့ကို အစိုးရကပြင်းထန်စွာအရေးယူသဖြင့် မြန်မာ-ထိုင်းနယ်စပ်ရှိ ဒုက္ခသည် စခန်းသို့ ထွက်ပြေး လာကြပြီး ထိုမှတစ်ဆင့် သြစတေးလျ၊ အမေရိကန် စသည့် တတိယ နိုင်ငံအသီးသီးသို့ ရောက်ရှိ သွားကြသည့် သတင်းကို ကြားသိ ရပြီး ကိုမျိုးသိန်းတစ်ယောက် နိုင်ငံကြီး များသို့ သွားရောက်ရန် စိတ်ကူးယာဉ် အိမ်မက်များ တဖြည်းဖြည်း ကိန်းအောင်း လာခဲ့ပေသည်။

“ ကိုယ်က ထိုင်းနိုင်ငံမှာ နေတာ အစေးလှီးတဲ့ အလုပ်ကို လုပ်ဖို့ ရည်ရွယ်ချက် ရှိတာမှ မဟုတ်တာ၊ သူတို့လိုမျိုး တတိယ နိုင်ငံကို သွားနိုင်လို့ ရှိရင် အထောက်အပံ့တွေ ရပြီး အဖေနဲ့ အမေတို့ ဖူလုံမှု ရှိလာမယ် ဆိုတာတွေးမိတော့ ကိုယ်လည်း သွားချင်လာတယ်” ဟု ကိုမျိုးသိန်းက ဆိုသည်။

ထိုသို့ စိတ်ကူး အိပ်မက်များ တအုံနွေးနွေး ရှိခဲ့ သော်လည်း ၎င်းအနေဖြင့် ဒုက္ခသည်စခန်း၏ သဘော သဘာဝနှင့် လုပ်ငန်း ဆောင်တာ များကို စိုးစဉ်းမျှ သိရှိ ခဲ့ခြင်း မရှိခဲ့။

အိပ်မက်ကို လက်တွေ့ အကောင်အထည် ဖော်နိုင်မည်ဟု စဉ်းစားရင်း ဒုက္ခသည် စခန်းသို့ သွားရန် ဆုံးဖြတ်ခဲ့ပြီး အဆက်အသွယ် အဖြစ် ထိုဒေသရှိ အသိ ထိုင်းရဲ တစ်ဦး၏ အကူအညီကို ယူ၍ နယ်စပ် မြဝတီမြို့သို့ တစ်ဦးတည်း အရဲစွန့် ထွက်လာခဲ့လေသည်။

ထိုမှ တဆင့် အုန်းဖန်မြို့နယ်၊ နို့ဖိုးကျေးရွာရှိ နို့ဖိုးဒုက္ခသည်စခန်းသို့ ၂ဝဝ၈ အကုန်၌ ရောက်သွားခဲ့တော့သည်။
ဒုက္ခသည်စခန်းသို့လူသစ်အဖြစ်ရောက်လာသည့် ကိုမျိုးသိန်းမှာ ဆွေမျိုးညာတိ တစ်ဦးမှမရှိသည့်အတွက် ဒုက္ခသည်စခန်း ဝင်းထဲရှိ မွန်ဘုန်းကြီးကျောင်း တစ်ခုတွင် ခေတ္တ တည်းခို နေထိုင်ခွင့် ရခဲ့ သော်လည်း ပတ်ဝန်းကျင်နှင့် နေသား ကျရန် ကြိုးစား ရသည်မှာ အဆင်ပြေ လှသည်တော့ မဟုတ်ခဲ့ပေ။

“ ဒုက္ခသည်စခန်းသာရောက်သွားတယ်၊ ကိုယ့်ကဘယ်မှာနေရမယ် ဘာလုပ်ရမယ်ဆိုတာ ဘာဆိုဘာမှမသိဘူး၊ ဟိုလိုလုပ်ပါ ဒီလိုလုပ်ပါဆိုပြီး ကူညီမယ့်လူလည်းမရှိတော့ အစပိုင်းမှာတော့ အခက်အခဲတွေဖြစ်တာပေါ့” ဟု ကိုမျိုးသိန်းက ပြန်ပြောင်း ပြောပြသည်။

နို့ဖိုးဒုက္ခသည်စခန်းကို ရပ်ကွက် (၁၆) ခုဖြင့် ဖွဲ့စည်းထားကာ မြန်မာနိုင်ငံ ကဲ့သို့ပင် ရပ်ကွက်တိုင်းတွင် ဥက္ကဌများ အတွင်းရေးမှူးများ အဖြစ် ထိုင်းလူမျိုး များကို ခန့်အပ်ထားပြီး UNHCR ကဲ့သို့ နိုင်ငံတကာ အဖွဲ့အစည်းများ က အထောက်အပံ့များ ပေးကြသည်။

၎င်းရောက်သွားသည့်အချိန်၌ ဒုက္ခသည်စခန်းတွင် မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်မှ ဒုက္ခသည်အမည်ခံ နေထိုင်သူပေါင်း ၆၆၅၆ ဦးခန့်ရှိပြီး မြန်မာနိုင်ငံအရပ်ရပ်နှင့် နယ်စပ်ဒေသရှိ တိုင်းရင်းသားများအများစု ခိုလှုံလျက်ရှိသည်။
မွန်ဘုန်းကြီးကျောင်းတွင်ရက်အနည်းငယ်ခန့်နေပြီးနောက် ဒုက္ခသည်စာရင်းပေးရုံးသို့သွားရောက်စာရင်းသွင်းခဲ့ရာ ကိုကျော်ထူး အမည်ပြောင်းဖြင့် ရပ်ကွက် (၁၄) ရှိနေအိမ်အမှတ် ၁၆၃ တွင်နေထိုင်ခွင့်ရရှိခဲ့သည်။ ထိုအိမ်၌ ယခင်နေထိုင်ခဲ့သည့်ကရင်လူမျိုးမိသားစုမှာ တတိယနိုင်ငံသို့ထွက်ခွာသွား၍ လစ်လပ်နေသဖြင့် ရရှိခဲ့ခြင်းဖြစ်သော်လည်း မွန်ဘုန်းကြီးကျောင်းတွင်ပင် တစ်နှစ်ခွဲခန့်ဆက်လက်နေထိုင်ခဲ့သည်။

အမည်စာရင်း သွင်းပြီးချိန်မှ စ၍ ဒုက္ခသည်စခန်းကော်မီတီများမှ စောင်၊ ခြင်ထောင်များ နှင့် တစ်လလျှင် ဆန် ၁၆ ကီလို၊ စားဆီ တစ်လီတာ တစ်ပုလင်းနှင့် မီးသွေး တစ်အိတ်၊ ငပိ၊ ဆား၊ ငရုတ်သီး ၊ ကြက်သွန်စသည့် မီးဖိုချောင်သုံး ပစ္စည်း များကိုလည်း ခွဲတမ်း ရရှိ လာခဲ့သည်။ သို့သော်လည်း ဒုက္ခသည် စခန်းရောက် လူတစ်ဦး ပထမ အတွေ့အကြုံကား မစားသာ ခဲ့ပေ။

“ပထမတော့ သူတို့ပေးတဲ့ ရိက္ခာက လုံလောက်သလိုပဲ၊ တစ်ခြား မိသားစု တွေလိုမျိုး တတိယ နိုင်ငံက ဆွေမျိုးတွေ ပို့လာတဲ့ ငွေနဲ့ စားသောက်ရတာ မဟုတ်တော့ ကိုယ့်မှာ လုံလောက်မှု မရှိတော့ပဲနဲ့ ရပ်တည်ဖို့ ခက်လာတယ်” ဟု ကိုမျိုးသိန်းက ဆိုသည်။

ထို့ကြောင့် ဒုက္ခသည် စခန်းထဲရှိ စိုက်ပျိုးမြေကွက် တစ်ခုကို ဘတ်ငွေ တစ်ထောင်သွင်း၍ တရုတ်ကန်စွန်းနှင့် မုန်လာဥ ကဲ့သို့သော သီးနှံ စိုက်ပျိုးရောင်းချခြင်းကို တစ်နိုင်တစ်ပိုင်အ အဖြစ် စတင် လုပ်ကိုင်ခဲ့သည်။
ထို့ပြင်တစ်ဖက်တစ်လမ်းမှအပို ဝင်ငွေရရှိရေးအတွက်ဒုက္ခသည်စခန်းတွင်း နှစ်လုံးထီ(ချဲ)ရောင်းခြင်းကိုလည်း အချိန်ရသမျှတွဲဖက်ပြီး စီးပွားရေးသောင်းကျန်းခဲ့သေးသည်။

ကိုမျိုးသိန်း၏ စိုက်ပျိုးရေးုလုပ်ငန်းမှာ အတော်အသင့်ဖြစ်ထွန်းလာခဲ့ပြီး ထိုင်းအာဏာပိုင်များကြီးကြပ်မှုဖြင့်ဖွင့်လှစ်ထားသည့် သုံးရက်ဈေးအတွင်းဖောက်သည်သွင်းရောင်းချခဲ့သည်။
တစ်နေ့လျှင် နှစ်လုံးထီမှ ကော်မရှင်ခဘတ်တစ်ရာဝန်းကျင်ခန့် ဝင်ငွေရရှိခဲ့ပြီး မိမိ၏စားဝတ်နေရေးကိုဖြေရှင်းခဲ့ရသော်လည်း အတန်အသင့်အဆင်ပြေသည့်အနေအထားတွင်ရှိနေခဲ့သည်။
ဤသို့နေထိုင်ရင်းနှင့် ကိုမျိုးသိန်းသိလာရသည်မှာ ထိုဒုက္ခသည်စခန်းတွင်း၌ အပျော်အပါးလောင်းကစားနှင့် မူးယစ်ဆေးများကို ပြင်ပမှာထက်အလွယ်တစ်ကူရနိုင်သည်ဟူ၍ပင်။ ထိုင်းနိုင်ငံမှအရက်ဘီယာများသာမက မြန်မာနိုင်ငံမှထွက်သည့်အရက်ဘီယာများကိုပင် ခိုးထုတ်ပြီးရောင်းချနေခြင်းများလည်းစခန်းတွင်းရှိနေသည်။

“ ဒုက္ခသည်စခန်းမှာရှိတဲ့ အပျော်အပါးကိစ္စတွေက အပြင်မှာရှိနေတာထက်ကိုများနေတာ၊ ကိုယ်လိုချင်တဲ့လိုင်းကို လွယ်လွယ်နဲ့အကုန်ရနိုင်တယ်၊ဒါပေမယ့် ကျွန်တော်ကကောင်းတဲ့ဘက်ကပဲနေထိုင်ပြီးအဲ့ဒီလိုင်းတွေတစ်ခုမှမလုပ်ခဲ့ဘူး” ဟု ကိုမျိုးသိန်းက ဂုဏ်ယူစွာဖြင့် ဆိုသည်။

သီးနှံများစိုက်ပျိုးခြင်းနှင့် ချဲရောင်းခြင်းကိုတစ်နှစ်ခန့်လုပ်ကိုင်ခဲ့ပြီး အာဏာပိုင်များကစိုက်ပျိုးခွင့်မပေးတော့သဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ အိမ်နားတွင်နေထိုင်ပြီး အုပ်ချုပ်ရေးမှူးအိမ်တွင်မွေးထားသည့်ဝက်များကို ဝိုင်းဝန်းကြည့်ရှူပြီး ဝိုင်းလုပ်ဝိုင်းစားနေထိုင်ရင်း တတိယနိုင်ငံသွားနိုင်ဖို့အရေးကြိုးစားခဲ့ရပြန်သည်။
ထိုသို့နေထိုင်ရင်း NGO အဖွဲ့အစည်းများကသင်ကြားသည့် အင်္ဂလိပ်စာသင်တန်းများကို တက်ရောက်ခွင့် ရရှိခဲ့ပြီး မွေးရပ်တွင် ငါးတန်းအထိသာကျောင်းနေခဲ့သည့် ကိုမျိုးသိန်း အဖို့ အင်္ဂလိပ်ဘာ သာရပ်ကို အနည်းငယ်တီးမိခေါက်မိရှိလာခဲ့သည်။

၂နှစ်ကြာပြီးနောက် ကိုယ်ပိုင်ဝင်ငွေမရှိသည့်ဘဝမှရုန်းထွက်လိုသဖြင့် ဒုက္ခသည်စခန်းပြင်ပသို့ထွက်ကာ ပန်းရံလုပ်ငန်းနှင့် ရေကားမောင်းသည့်အလုပ်ကို တစ်နှစ်ခန့်လုပ်ကိုင်ခြင်းဖြင့် ၎င်း၏ရည်မှန်းချက်ရုပ်လုံးပေါ်လာရန် ကြိုးစားခဲ့ပြန်သည်။
“ကိုယ့်မှာနဂိုရည်မှန်းချက်ကတတိယနိုင်ငံသွားဖို့ တစ်ခုတည်းပဲလေ၊ ဒီရည်မှန်းချက်မပြည့်မီစပ်ကြားမှာတော့ ရတဲ့ အလုပ်ကိုလုပ်ရင်း အဆင်ပြေအောင်နေရတာပေါ့” ဟု ၎င်းကပြောသည်။

သို့သော်လည်း ကိုမျိုးသိန်း ရေသန့်ကားမောင်းသည့်အလုပ်ကို တစ်နှစ်ခန့်နှင့် ဒုက္ခသည်စခန်းတွင်းရှိမွန်ဘုန်းကြီးကျောင်းတွင် တစ်ဝါခန့် ဦးပဉ္စင်းဝတ်ပြီးသည့်အချိန်တိုင်အောင် ၎င်းရည်မှန်းချက်အထမြောက်နိုင်ရန် ဝေဝါးနေဆဲပင်ဖြစ်သည်။

အသက် (၄ဝ) ပြည့်ခဲ့ပြီဖြစ်သော ကိုမျိုးသိန်းမှာလည်း တတိယနိုင်ငံသွားပြီး မိဘများကိုငွေပို့ရန်မဆိုထားနှင့် ဒုက္ခသည် စခန်းအတွင်း တစ်ဦးတည်းနေထိုင်သည့် မိမိကိုယ်တိုင်ပင်လျှင် စိုက်ပျိုးရေးနှင့် ဝက်မွေးမြူရေးမှ ရသည့် ဝင်ငွေကိုအဖြစ် ဘတ်ငွေ ရှစ်ထောင်ခန့်သာ စုဆောင်းမိခဲ့သည်။

“ စုဆောင်းလို့ရတဲ့ ငွေတွေကိုအမေ့ကိုလည်းပေးမသုံးစေချင်ဘူး၊ ကျွန်တော်လည်းမသုံးဘူး၊အလှူအတန်းတွေပဲ လုပ်လို့ပြောပြီးအမေ့ကိုအပ်ထားလိုက်တယ်”
နို့ဖိုးဒုက္ခသည်စခန်းတွင် နေထိုင်ခဲ့သည့် ၈နှစ်ကျော်ကာလတွင်း စိုက်ပျိုးရေး၊ ဝက်မွေးမြူရေးလုပ်ငန်းများလုပ်ကိုင်ပြီး တတိယနိုင်ငံသို့သွားရောက်အလုပ်လုပ်ရန် ကြိုးစားခဲ့သော်လည်း ငွေအရင်းအနှီးမရှိခြင်း၊အဆက်အသွယ်ကောင်းရှားပါးခြင်းကဲ့သို့သော အခက်အခဲများကြောင့် ၎င်း၏ရည်မှန်းချက်မှာ တစ်ဖြည်းဖြည်မှုန်ဝါးလာခဲ့သည်။

UNHCR (ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး) ကလည်း နှစ်နိုင်ငံအစိုးရနှင့်ညှိနှိုင်းပြီး ဒုက္ခသည် စခန်းတွင် နေထိုင်သည့် သူများကို နေရပ်ပြန်ပို့မည်ဟု ကြေငြာချက်ထုတ်သည့်အချိန်တွင် တတိယနိုင်ငံသို မသွားတော့ပဲ မိမိ တတ်ထားသည့် အလုပ်နှင့် မိဘများကိုပြန်ပြီးအလုပ်အကျွေးပြုမည်ဟု ကိုမျိုးသိန်းဆုံးဖြတ်ချခဲ့တော့သည်။
UNHCR ၏ အစီအစဉ်ဖြင့်ပင် ထောက်ပံ့ငွေ ခုနှစ်သိန်းခွဲရရှိခဲ့ပြီး ပထမအသုတ်နေရပ်ပြန်သည့် ဒုက္ခသည် ၆၈ ဦးနှင့်အတူ မြဝတီနယ်စပ်ဂိတ်မှတစ်ဆင့် သံဖြူဇရပ်သို့ အောက်တိုဘာလ ၂၇ ရက်နေ့တွင်ပြန်လည်ရောက်ရှိခဲ့သည်။
“ တတိယနိုင်ငံကို သွားမယ်လို့စိတ်ကူးထားပေမယ့်လည်း အိမ်ကမိဘတွေကို ပြန်ပြီးလုပ်ကျွေးဖို့အချိန်တန်ပြီလို့ စဉ်းစားမိတာကြောင့် ဒုက္ခသည်စခန်းကနေပြန်လာခဲ့ပါတယ်”ဟု ပြောပြီး ကိုမျိုးသိန်းတစ်ယောက် အပြုံးတစ်ခုကို မျက်နှာပေါ်တွင် ဆင်မြန်းလိုက်သည်။

မွေးရပ်မြေတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်ရင်းဖြင့် မြို့နယ်သို့နိုင်ငံတစ်ကာမှ NGOအဖွဲ့များလာရောက်အခြေချလျှင် ပါဝင်လုပ်ကိုင်မည်ဖြစ်ကြောင်း ကိုမျိုးသိန်းကပြောသည်။
“ အလုပ်ပေါင်းစုံနဲ့ အတွေ့အကြုံပေါင်းစုံရခဲ့တဲ့နေရာဆိုတော့ ဒီဒုက္ခသည်စခန်းရဲ့ တွေးလိုက်တိုင်း မျက်လုံးထဲ ကွက်ကွက်ကွင်းကွင်းပြန်မြင်ယောင်နေဆဲပါ” ဟု ကိုမျိုးသိန်းက အိမ်ရှေ့ လမ်းမပေါ်ကို တွေဝေစွာ ငေးငေးကြည့်ရင်း ဆိုလေသည်။

သူ၏ မျှော်လင့်တကြီး မက်ခဲ့လေသော တတိယ နိုင်ငံသို့ ခရီးသွားရန် အိမ်မက် သည်လည်း ဝေဝါးစွာ ပျောက်ကွယ် သွားပြီး အသစ် ထပ်မက်ရန် မဖြစ်တော့သည့် အိမ်မက်သာ ဖြစ်လေသည်။

Writtten by – ဖိုးဝ

Leave a Reply