“ပျားတောင်ဒေသ လူမှုသောက” မှတ်တမ်းရုပ်ရှင် မိတ်ဆက်ပွဲပြုလုပ

မော်လမြိုင်၊ ဧပြီ ၁

ကျိုက်မရောမြို့နယ်၊ ပျားတောင်ဒေသရှိ MCL ဘိလပ်မြေစက်ရုံစီမံကိန်းကြောင့် ဒေသခံပြည်သူတို့၏ စိုးရိမ်ပူပန်နေမှုများအကြောင်း ရိုက်ကူးထားသည့် “ပျားတောင်ဒေသ လူမှုသောက” မှတ်တမ်းရုပ်ရှင် မိတ်ဆက်ရှင်းလင်းပွဲကို ဧပြီလ ၁ ရက်နေ့က မော်လမြိုင်မြို့၊ မြို့ရှောင်လမ်းရှိ Mon State CSO Network ရုံးတွင်ပြုလုပ်ခဲ့သည်။

ဖော်ပြပါစီမံကိန်းနှင့်ပတ်သက်၍ ဒေသခံများ၏ စိုးရိမ်မှုများကို တာဝန်ရှိသူများ သိရှိစေရန်၊ သဘာဝပတ်ဝန်းကျင်အရေး ဆောင်ရွက်နေသည့် အခြားပုဂ္ဂိုလ်၊ အဖွဲ့အစည်းများမှလည်း သတိထားမိစေရန် ရည်ရွယ်၍ ၂၀၁၇ ခုနှစ်က စတင်ကာ အချိန်ယူ မှတ်တမ်းတင် ရိုက်ကူးခဲ့ကြောင်း မွန်လူငယ်ပညာပေးအဖွဲ့(MYEO)မှ မင်းသန်းနိုင်က ဆိုသည်။

ယင်းမှတ်တမ်းရုပ်ရှင်ထဲတွင် ဒေသခံများ၏ မြင်ရသည့်သောက ရိုက်ကူးပြခဲ့ကြောင်း၊ယင်းသောကများအပြင် မမြင်ရသေးသည့် သောကများလည်း နောက်ကွယ်မှာ ရှိနေသေးကြောင်း၊ ဘိလပ်မြေစက်ရုံမှ ရေရှည်မှာ ဒေသခံပြည်သူများထံ ဆိုးကျိုးသက်ရောက်၍ ခံစားရမည့် ကျန်းမာရေး၊ အဆိပ်ဓာတ်ငွေ့၊ သဘာဝအရင်းအမြစ်ပြဿနာ စသည်တို့ များစွာရှိနေသေးကြောင်း ပျားတောင်အရေး လှုပ်ရှားဆောင်ရွက်နေသူ ဦးနိုင်ရဲဇော်က ဆိုသည်။

“ဒေသခံတွေ အဓိကတောင်းဆိုထားတဲ့အချက်က ဘိလပ်မြေစက်ရုံကို ကျောက်မီးသွေးသုံးလျှပ်စစ်ဓါတ်အား ပေးစက်ရုံအစား အခြားနည်းလမ်းနဲ့အစားထိုးဖို့တောင်းဆိုထားတာ အခုအချိန်အထိဖြစ်မလာသေးဘူး။ နောက်ပြီး အတ္ထရံမြစ်ကြောင်းအတွင်းမှာ ကျောက်မီးသွေးတင်တဲ့သင်္ဘောကြီးတွေသွားလာမှုနဲ့ပတ်သက်ပြီး ဖြည်းဖြည်းမောင်းပေးဖို့တောင်းဆိုထားတာလည်း အခုအချိန်အထိဖြစ်မလာသေးဘူး။ ပြီးတော့ မိုင်းဖေါက်ခွဲမှုတွေကို ပြင်းပြင်းထန်ထန်ဖောက်ခွဲနေတာတွေကို လျော့ချပေးဖို့တောင်းဆိုထားတာလည်း ထင်သလောက်မအောင်မြင်သေးဘူး”ဟု ၎င်းက ပြောသည်။

ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံကို ဥပဒေ၊ နည်းဥပဒေနှင့်အညီ ဆောင်ရွက်ပေးရန် တောင်းဆိုထားသော်လည်း EIA, SIA များကအစ တရားဝင်နည်းလမ်းတကျဖြစ်မလာသေးကြောင်း နိုင်ရဲဇော်က ဆိုသည်။

ဒေသခံပြည်သူများ၏ အသံ၊ စိုးရိမ်ပူပန်မှုနှင့် သောကများကို“ပျားတောင်ဒေသ လူမှုသောက”မှတ်တမ်းရုပ်ရှင်မှတစ်ဆင့် ဖော်ပြနိုင်မည်ဟု ယုံကြည်ကြောင်း၊ ဗွီဒီယိုရုပ်ရှင်မှတ်တမ်းကို Social Media ထက်တွင်လည်း ထပ်မံဖြန့်ချိသွားမည်ဖြစ်ကြောင်း သိရသည်။

Written by ရွှေရိုး

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.