Advertisements

မလေးရှားနိုင်ငံသည် အမေရိကန်အခြေစိုက် ပင်လယ်ရေအောက် ရှာဖွေရေးကုမ္ပဏီတစ်ခု ပျောက်ဆုံးသွားသော လေယာဉ် MH370ကို ရက်ပေါင်း ၉၀ အတွင်း ရှာဖွေပေးနိုင်ပါက အမေရိကန်ဒေါ်လာ သန်း ၇၀ ပေးမည်ဖြစ်ကြောင်း သဘောတူစာချုပ်တစ်ရပ်ကို ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က လက်မှတ်ထိုးလိုက်သည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှ တရုတ်နိုင်ငံ ဘေဂျင်းမြို့သို့ လူပေါင်း ၂၃၉ ဦး တင်ဆောင်လျက် ပျံသန်းလာသော MH370 သည် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် မတ်လအတွင်းက ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ပြီး ကမ္ဘာပေါ်တွင် အထူးဆန်းဆုံး ပျောက်ဆုံးမှုထဲမှ တစ်ခုအဖြစ် စာရင်းဝင်ခဲ့သည်။

သြစတြေးလျ၊ တရုတ်နှင့် မလေးရှားအာဏာပိုင်များသည် မည်သည့် အကျိုးရလဒ်မျှမထွက်သော အမေရိကန်ဒေါ်လာ၁၅၇သန်းအသုံးပြုလျက်ရှာဖွေနေမှုကို ပြီးခဲ့သည့်နှစ် ဇန်နဝါရီလက ရပ်ဆိုင်းခဲ့သည်။ ထိုစဉ်ကာ စတုရန်းကီလိုမီတာ ၁၂၀၀၀၀ အကျယ်အဝန်းကို ရှာဖွေခဲ့ကြခြင်းဖြစ်ပြီး စုံစမ်းစစ်ဆေးသူများက မြောက်ဘက်သို့ နောက်ထပ် စတုရန်းကီလိုမီတာ ၂၅၀၀၀ကို ထပ်မံရှာဖွေရန် တိုက်တွန်းကြသော်လည်း ရပ်ဆိုင်းခဲ့ခြင်းလည်းဖြစ်သည်။

အမေရိကန် ကုမ္ပဏီ Ocean Infinity သည် အဆိုပါ ကီလိုမီတာ ၂၅၀၀၀ တွင် ရှာဖွေမည်ဖြစ်ကာ မတွေ့လျှင် ပိုက်ဆံမပေးနှင့်၊ တွေ့မှ ပိုက်ဆံပေးဟူသော သဘောတူညီချက်ဖြင့် ရှာဖွေမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံ သယ်ယူပို့ောဆင်ရေးဝန်ကြီး လော တိုင်လိုင်က ပြောသည်။

‘ခုကျွန်တော်တို့ပြောနေတဲ့အချိန်မှာပဲ ရှာဖွေရေး သင်္ဘောဟာ အိန္ဒိယသမုဒ္ဒရာထဲက ရာသီဥတုအခြေအနေကောင်းကို အခွင့်ကောင်းယူပြီး သွားရှာနေပါပြီ’ ဟု ၎င်းက ပြောသည်။

ရှာဖွေမှုကို လာမည့် ဇန်နဝါရီလ ၁၇ ရက်နေ့တွင် စတင်ပြုလုပ်မည်ဖြစ်ကြောင်း Ocean Infinity အကြီးအကဲ အိုလီဗာ ပလန်းခက်က ဆိုသည်။

အဆိုပါ ကုမ္ပဏီအနေဖြင့် ပျောက်ဆုံးလေယာဉ်ကို စတုရန်း ကီလိုမီတာ ၅၀၀၀ အတွင်းတွေ့ရှိပါက အမေရိကန်ဒေါ်လာ သန်း ၂၀၊ စတုရန်း ကီလိုမီတာ ၁၀၀၀၀ အတွင်းတွေ့ရှိပါက အမေရိကန်ဒေါ်လာ သန်း ၃၀၊ စတုရန်း ကီလိုမီတာ ၂၅၀၀၀ အတွင်းတွေ့ရှိပါက အမေရိကန်ဒေါ်လာ သန်း ၅၀ရရှိမည်ဖြစ်ပြီး ထိုဧရိယာထက် ကျော်လွန်ပါက အမေရိကန်ဒေါ်လာ သန်း ၇၀ ရရှိမည်ဖြစ်ကြောင်းသိရသည်။

ရက်ပေါင်း ၉၀ အတွင်း လေယာဉ်အပျက်အစီးသော်လည်းကောင်း၊ ပျံသန်းမှု မှတ်တမ်းကိုသော်လည်းကောင်းတင်ပြနိုင်ရမည်ဖြစ်ကြောင်း သိရသည်။

Ocean Infinity သင်္ဘောသည် ရေအောက်တွင်ရှာဖွေ၊ စကန်ဖတ်မည့် အလိုအလျောက် ရေငုတ်စက်ရှိခုဖြင့် ရှာဖွေမည်ဖြစ်ပြီး သင်္ဘောပေါ်တွင် မလေးရှာ ရေတပ်မှ အရာရှိနှစ်ဦး အပါအဝင် အဖွဲ့သား ၆၅ ယောက်ရှိကြောင်းသိရသည်။

Source: Reuters

Advertisements
<

Leave a Reply