Advertisements

မော်လမြိုင် ဇန်နဝါရီ

၁ဝ တန်းကျောင်းသားမိဘများအနေဖြင့် ကလေးပညာရေးတွင် ကျူရှင်ကို လိုအပ်သည်ထက် အားမကိုးစေလိုကြောင်း ပြည်နယ်ပညာရေးမှူးရုံး၊ ညွှန်ကြားရေးမှူး(တာဝန်) ဒေါက်တာချိုချိုမြတ်အောင်ကပြောသည်။

ကျောင်းသားများ ပြင်ပကျူရှင်ယူစရာမလိုအောင် ကျောင်းများတွင် ပြည့်ပြည့်ဝဝ သင်ကြားနေသည့်အတွက် ကျူရှင်ကို လိုအပ်သည်ထက် အားမကိုးသင့်ကြောင်း ၎င်းကဆက်ပြောသည်။

Advertisements
data-language="en"

“ကျူရှင်လွတ်အောင် သင်ကြားပေးလား မသင်ကြားပေးလားဆိုတော့ သက်ဆိုင်ရာ ကျောင်းသားနဲ့ မိဘပေါ်မှာ အများကြီး မူတည်တယ်။ မိဘက အဲဒီထက်ပိုပြီး လိုချင်နေရင်တော့ သူ့ကိုမသင်နဲ့လို့ ပြောလို့မရဘူး။ ကျောင်းတွေကတော့ အပြည့်အဝ သင်ပေးတာပဲ” ဟုဆိုသည်။

မိခင်ဘာသာစကားမဟုတ်သည့် အင်္ဂလိပ်စာနှင့် သင်္ချာကဲ့သို့ ဘာသာရပ်များကို ပြင်ပကျူရှင်ယူသည်မှာ သဘာဝကျသော်လည်း မိဘများ၏ အပြိုင်အဆိုင်စိတ်ဓာတ်ကြောင့် ကျူရှင်ကို အလွန်အမင်း အားကိုးခြင်းသည် ကျောင်းသား၏ ကိုယ့်အားကိုယ်ကိုးလိုစိတ်ကို လျော့နည်းစေသည်ဟု ၎င်းကပြောသည်။

“၆ ဘာသာဂုဏ်ထူးထွက်ပြီး ဆေးတက္ကသိုလ် တက်တဲ့သူတွေရှိတယ်။ ခြောက်နှစ်တက်တဲ့သူတွေရှိတယ် ဆယ်နှစ်တက်တဲ့သူတွေရှိတယ်။ အဲဒါ self-study မလုပ်တတ်လို့ပေါ့” ဟု ၎င်းက ဆိုသည်။

၂ဝ၁၆ ခုနှစ်ကစ၍ အခြေခံပညာ သင်ရိုးညွှန်းတမ်းများကို အသစ်ရေးဆွဲနေပြီး ကလေး၏ ကိုယ့်ကိုယ်ကိုယ် အားကိုးလိုစိတ်၊ တီထွင်ကြံဆအားနှင့် လေ့လာနိုင်မှုကို အားပေးထားသောကြောင့် နောက်ပိုင်းတွင် ကျူရှင်အားကိုးမှု လျော့နည်းလာနိုင်သည်ဟု ၎င်းက သုံးသပ်ပြောဆိုသည်။

“မိဘက ငါမထိန်းရရင်ပြီးရောဆိုပြီး ကျူရှင်သွားအပ်လိုက်ရင် ဒီဟာက လည်သွားဦးမှာပဲ။ ကျူရှင်မဟုတ်ဘဲနဲ့ ကျောင်းကပြန်လာတဲ့အချိန်မှာ ပန်းချီသင်တန်းပို့ပေးတာတို့ ဂီတနဲ့ပတ်သက်တဲ့သင်တန်းတို့ ဘာသာစကားသင်တန်းတို့ အဲဒါမျိုးတွေ ပံ့ပိုးပေးမယ်ဆိုရင် အများကြီး အထောက်အကူဖြစ်တယ်” ဟုဒေါက်တာချိုချိုမြတ်အောင်ကပြောသည်။

၁ဝ တန်းကျောင်းသားမိဘတစ်ဦးဖြစ်သူ ဒေါ်အေးအေးခိုင်က “အတန်းပိုင်ဆရာမကိုယ်တိုင်ပြောတာ ၁ဝ တန်းမှာ ကျူရှင်လုံးဝ မထားလို့မရဘူး။ ၉ တန်းတုန်းက ကျူရှင်မနေဘဲအောင်တယ်” ဟု ၎င်းက ဆိုသည်။

ယင်းအပြင် မိမိ၏ ကလေးများသည် ဉာဏ်မကောင်း၍ စာမလိုက်နိုင်သောကြောင့် ကျူရှင်ထားရခြင်းဖြစ်ကြောင်း၊ ကျောင်းတွင် ကျောင်းသားဦးရေများသဖြင့် ကျူရှင်ကဲ့သို့ ဆရာ၊ ဆရာမများ မကြပ်မတ်နိုင်ကြောင်း ၎င်းက ပြောဆိုသည်။

မွန်ပြည်နယ်တွင် ယခင်နှစ်က ဆယ်တန်းဖြေဆိုသည့် ကျောင်းသား ၂၅ဝဝဝ ကျော်ရှိပြီး ယခုနှစ်တွင် ဖြေဆိုခွင့်လျှောက်ထားသူ ၃ဝဝဝဝ ကျော်ရှိကြောင်း ပညာရေးမှူးရုံး စာရင်းများအရသိရသည်။

စန္ဒာဉာဏ်

 

Leave a Reply