တပ်မြို့ဟု လူသိများသည့် ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာ တက္ကသိုလ်အပါအဝင် နေရာငါးခုကို ယမန်နေ့က မြောက်ပိုင်းမဟာမိတ်များ၏ တိုက်ခိုက်မှုကြောင့် လူ ၁၅ ဦး သေဆုံးသွားခဲ့ပြီး ငွေကျပ်သိန်းပေါင်း ၂၈၂၁ ခန့် ဆုံးရှုံးခဲ့ရကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ယနေ့ညနေပိုင်းတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA၊ တအာင်းလက်နက်ကိုင်အဖွဲ့ TNLA နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့ သုံးဖွဲ့ ပူးပေါင်းထားသည့် မြောက်ပိုင်းမဟာမိတ်တို့၏ တိုက်ခိုက်မှုကို “အကြမ်းဖက်လုပ်ရပ်” ဟုလည်း  သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဋ္ဌေးက ဝေဖန်ခဲ့သည်။

တိုက်ခိုက်မှုများအတွင်း သေဆုံးခဲ့သူများမှာ တပ်မတော်သား ၉ဦး၊ ရဲ ၃ ဦး၊ အရပ်သား ၃ ဦး ရှိခဲ့ပြီး နောက်ထပ် ၁၃ ဦးလည်း ဒဏ်ရာရခဲ့သည်ဟု ၎င်းကဆိုသည်။

မြောက်ပိုင်းတပ်များ၏ ရုတ်တရက် ပြောက်ကျားထိုးစစ်က အစိုးရ ဖော်ဆောင်နေသည့်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ထိခိုက်စေသော်လည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် လာရောက်ဆွေးနွေးရန် တံခါးဖွင့်ထားဆဲ ဖြစ်သည်ဟု ၎င်းကဆိုသည်။

တအာင်းလက်နက်ကိုင်အဖွဲ့ TNLA ၏ ပြောခွင့်ရအရာရှိက ယင်းတိုက်ခိုက်မှုသည် ၎င်းတို့အားထိုးစစ်ဆင်သဖြင့် လက်တုံ့ပြန်ရခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားသည်။

“မြန်မာစစ်တပ်ဘက်က ကျွန်တော်တို့လှုပ်ရှားနယ်မြေအတွင်းကို တောက်လျှောက် ထိုးစစ်တွေ ပြုလုပ်လာတယ်။ အတွင်းပိုင်းအထိကို ထိုးစစ်ဆင်လာတဲ့အတွက် သွားရေးလာရေးလှုပ်ရှားမှုက တော်တော်လေး ကျဉ်းကျပ်လာတယ်။ အဲဒါကြောင့် ခုခံကာကွယ်တဲ့ပုံစံ ပြောင်းပြီးတော့မှ ပြန်ပြီးထိုးစစ်ဆင်တာဖြစ်တယ်”ဟု TNLA အဖွဲ့မှ ပြောခွင့်ရ ဗိုလ်မှူး မိုင်းအိုက်ကျော်က Myanmar Now ကို ပြောသည်။

ယမန်နေ့ထိုးစစ်သည် ပြင်ဦးလွင်မြို့ရှောင်လမ်းပေါ်ရှိ တိုးလ်ဂိတ်နေရာ၊ နောင်ချိုမြို့နယ် ဂုတ်ထိပ်အနီးတွင်တစ်နေရာ၊ နောင်ချိုမြို့နယ် ရထားလမ်းအနီး လော့ပန်တွင်တစ်နေရာနှင့် နောင်ချိုမြို့နယ် ပြည်ထောင်စုလမ်းမပေါ်ရှိ တိုးဂိတ်အနီး စုစုပေါင်း ၅ နေရာတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ၎င်းက အတည်ပြုသည်။

Leave a Reply