Advertisements

မလေးရှားနိုင်ငံတွင် လာရောက် အလုပ်လုပ်ကိုင်နေသော အိမ်ဖော်များကို အကာကအွယ်ပေးသည့်အနေဖြင့် ပြစ်မှုမှတ်တမ်းဟောင်းရှိသူများအား နိုင်ငံခြားသားအိမ်ဖော်ငှားရမ်းခွင့်မပြုတော့ရန် မလေးရှားအစိုးရက သတ်မှတ်လိုက်သည်။

မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနသည် နိုင်ငံခြားသားအိမ်ဖော်များ ငှားရမ်းခြင်းအတွက် အွန်လိုင်းမှ လျှောက်ထားခြင်းကို ဇန်နဝါရီလ တစ်ရက်နေ့မှ စ၍ ခွင့််ပြုခဲ့သည်။

‘ပြစ်မှုမှတ်တမ်းရှိတဲ့ အလုပ်ရှင်တွေကို နိုင်ငံခြားသား အိမ်ဖော်ငှားရမ်းခွင့် ပိတ်ပင်သွားမျာဖြစ်ပါတယ်’ လို့ လူဝင်မှုကြီးကြပ်ရေးဌာနမှာ ညွှန်ကြားရေးမှူးချုပ် မူစတာဖာအလီက ပြောသည်။

မလေးရှားနိုင်ငံသို့ လာရောက် အိမ်ဖော်အလုပ်လုပ်ခွင့်ပြုထားသည့် နိုင်ငံကိုးနိုင်မှ အိမ်ဖော်များကို ငှားရမ်းရာတွင် မလေးရှားနိုင်ငံသားများအနေဖြင့် အဆိုပါ သတ်မှတ်ချက်ကို လိုက်နာရမည်ဖြစ်သည်။ လူဝင်မှု ကြီးကြပ်ရေးဌာန၏ database သည် အခြားသော အစိုးရဌာနများ၏ database များနှင့် ချိတ်ဆက်ထားသည်။

လစာကောင်းကောင်း မပေးနိုင်သူ၊ လစာမပေးနိုင်မည့်သူများနှင့် ပြစ်မှုမှတ်တမ်းဟောင်းရှိသည့် အလုပ်ရှင်များအား အနီရောင်ဖြင့်ပြပေးမည်ဖြစ်သည်။

ထို့အပြင် အိမ်ဖော်ငှားမည့်သူများအနေဖြင့် အိမ်ဖော်အား နေရာထိုင်ခင်း စီစဉ်ပေးနိုင်ခြင်းရှိမရှိကိုလည်း စစ်ဆေးသွားမည်ဖြစ်သည်။
လက်ရှိတွင် မလေးရှားနိုင်ငံ၌ နိုင်ငံခြားသား အိမ်ဖော်များကို ညှဉ်းပမ်းနှိပ်စက်မှုများ ဖြစ်ပွားနေသော်လည်း အဆိုပါ အမှုများမှာ တစ်မှုနှင့် တစ်မှု ဆက်စပ်မှုမရှိကြောင်း မူစတာဖာက ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက အဒန်လီနာ လီစောဆိုသည့် အင်ဒိုနီးရှားနိုင်ငံမှ အိမ်ဖော်အမျိုးသမီးငယ်တစ်ယောက် ညှဉ်းပမ်းနှိပ်စက်ခံရမှုကြောင့် အသက်သေဆုံးသွားခဲ့သည့် ကိစ္စနှင့် ပတ်သက်၍လည်း အဆိုပါ အမှုမှာ တစ်နိုင်ငံလုံးကို ကိုယ်စားမပြုနိုင်ကြောင်း ၎င်းက ဆိုသည်။

အဒန်လီနာသည် အလုပ်ရှင်၏ ညှဉ်းပမ်းနှိပ်စက်မှုများခံရပြီးနောက် ဆေးရုံသို့ ပို့ဆောင်ကုသစဉ်တွင် သေဆုံးသွားခဲ့သည်။
အလုပ်ရှင်အမျိုးသမီးအား လူသတ်မှုနှင့် ဖမ်းဆီးထားပြီး အင်ဒိုနီးရှားနိုင်ငံသားနှစ်ဦးကိုလည်း လူကုန်ကူးမှုဖြင့် ဖမ်းဆီးထားသည်။

Source: Free Malaysia

Advertisements
<

Leave a Reply