မော်လမြိုင် ဒီဇင်ဘာ ၂၃

ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေအပေါ် ကန့်ကွက်ဆန္ဒထုတ်ဖော်ပွဲတစ်ရပ်ကို မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့မှာ ပြည်ခိုင်ဖြိုးပါတီ ဝန်းရံသူတွေက ဒီကနေ့ ဒီဇင်ဘာ ၂၃ ရက် နံနက်ပိုင်းမှာ လှုပ်ရှားလုပ်ဆောင်ခဲ့ပါတယ်။ အလားတူပဲ သထုံခရိုင် သထုံမြို့နယ်မှာလည်း လာမယ့် ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ဆန္ဒထုတ်ဖော်ဖို့ စီစဉ်လျာထားကြောင်း သိရပါတယ်။

မုဒုံမြို့က လှုပ်ရှားမှုဟာ ပြည်နယ်အတွင်းမှာ ဒုတိယအကြိမ်မြောက် လှုပ်ရှားမှု ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ မွန်ပြည်နယ် ဥက္ကဋ္ဌ ဦးအောင်ကြည်သိန်းထံကတဆင့် သိရပါတယ်။

ဒီမတိုင်ခင် လွန်ခဲ့တဲ့ ရက်သတ္တပတ် ဒီဇင်ဘာ ၁၅ ကလည်း ပြည်နယ်အတွင်း ပထမဆုံးအကြိမ် ဆန္ဒထုတ်ဖော်မှုအဖြစ် သံဖြူဇရပ်မြို့နယ် ပါတီရုံးရှေ့မှာ လုပ်ဆောင်ခဲ့ပါသေးတယ်။ ဒုတိယအကြိမ်ဖြစ်တဲ့ မုဒုံမြို့မှာ မြို့နယ်ပါတီဝင်းအတွင်း လုပ်ဆောင်ခဲ့ပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေအပေါ် သဘောမကျလို့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆန္ဒထုတ်ဖော်တာဖြစ်ကြောင်း၊ အဓိကအားဖြင့်တော့ မဲစာရင်း မမှန်ကန်တာ၊ ပွင့်လင်းမြင်သာမှုမရှိတာ၊ နိုင်ငံတော်ပိုင်ငွေနဲ့ မဲဆွယ်စည်းရုံးတာတွေကို သဘောမကျတာဖြစ်ကြောင်း ထုတ်ဖော်ခဲ့ကြပါတယ်။

ပြည်ခိုင်ဖြိုးပါတီ ဝန်းရံသူတွေအနေနဲ့ မွန်ပြည်နယ်အတွင်း မြို့နယ် ၁၀ မြို့နယ်စလုံးမှာ အလားတူ လှုပ်ရှားဆောင်ရွက်ဖို့ ရှိနေကြောင်း သိရပါတယ်။ ဒါပေမဲ့ ဘယ်မြို့နယ်မှာ ဘယ်နေ့ ဘယ်ရက် လုပ်ဆောင်မယ်ဆိုတာကိုတော့ မသိရသေးကြောင်း ပါတီရဲ့ ပြည်နယ်အဆင့် တာဝန်ရှိသူက ဆိုပါတယ်။

မြို့နယ်အလိုက် ဆန္ဒထုတ်ဖော်မယ့် နေ့ရက်တွေနဲ့ပတ်သက်ပြီး “အဲဒါတော့ မသိသေးဘူးဗျ။ သူတို့ (ပါတီဝန်းရံသူများ) ဘယ်မြို့နယ် လုပ်မလဲဆိုတာ။ သူတို့ဟာသူတို့ ငြိမ်း စု စီ တင် စသဖြင့် လုပ်ကြတာဆိုတော့ သူတို့အချိန်၊ နေ့ရက်တွေ ပြောလာမှ သိရတာပေါ့နော်”လို့ ဦးအောင်ကြည်သိန်းက ပြောပါတယ်။

ဒီ ဆန္ဒထုတ်ဖော်ပွဲတွေဟာ ရွေးကောက်ပွဲဖြစ်စဉ်တွေအပေါ် ကျေနပ်မှု မရှိတဲ့ ပြည်ခိုင်ဖြိုးဝန်းရံထောက်ခံသူတွေက လုပ်ဆောင်ကြတာဖြစ်ပြီး ပါတီအနေနဲ့ကတော့ အဲဒီလို ဆောင်ရွက်ချက်တွေမှာ သတ်မှတ် စည်းမျဉ်းစည်းကမ်းနဲ့အညီ ဖြစ်အောင် ကူညီထိန်းမတ်ပေးတာဖြစ်ကြောင်း ပါတီခေါင်းဆောင်ပိုင်းက ပြောဆိုကြပါတယ်။

သထုံခရိုင် သထုံမြို့မှာတော့ လာမယ့် ဒီဇင်ဘာ ၂၇ ရက် နံနက်ပိုင်းမှာ ပါတီရုံးဝင်းအတွင်း အလားတူ ဆန္ဒထုတ်ဖော်ဖို့ ရှိနေကြောင်း ပါတီ ပြောခွင့်ရ ဦးမျိုးမင်းဌေးက ပြောပါတယ်။ “လူအင်အားအနေနဲ့က ၂၅ ယောက်ပါပဲ။ အယောက် ၃၀ ကျော်လွန်ရင်တော့ ရုံးဝင်းအပြင်ကနေ ဝန်းရံပေါ့”လို့ ဆိုပါတယ်။

ပြည်ခိုင်ဖြိုးရဲ့ ပြည်နယ်အတွင်း လှုပ်ရှားဆောင်ရွက်မယ်ဆိုတဲ့ ဒီအစီအစဉ်တွေနဲ့ပတ်သက်ပြီး ရေးမြို့နယ်လူမှုအကျိုးဆောင်အဖွဲ့ (YSS – Ye Social Society) အတွင်းရေးမှူး ဦးအောင်နိုင်ဝင်းက “ဒီ ဆန္ဒပြမှုဟာ နိုင်ငံတကာ သိဖို့၊ အများပြည်သူ သိဖို့၊ သတင်းမီဒီယာမှာ Issue တစ်ခုအနေနဲ့ တက်လာဖို့အတွက် ရည်ရွယ်ပုံ ပေါက်ပါတယ်။ ဥပဒေအရကတော့ ရွေးကောက်ပွဲကော်မရှင်ကို ကန့်ကွက်ခြင်း၊ အချက်အလက်တွေနဲ့ ကန့်ကွက်ခြင်း၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ကန့်ကွက်ခြင်းတွေ လုပ်တာကပဲ ပိုပြီးထိရောက်တယ်လို့ ကျွန်တော်တော့ မြင်မိပါတယ်။ ဆန္ဒပြခြင်းဆိုတာက ဥပဒေနဲ့အညီ ဘယ်လိုပဲလုပ်လုပ်၊ ကိုဗစ် – ၁၉ စည်းကမ်းချက်တွေနဲ့အညီ ဘယ်လိုပဲလုပ်လုပ် မလိုလားအပ်တဲ့ ရောဂါပြန့်ပွားမှုတွေကို ဖြစ်စေနိုင်တယ်၊ လူစုလူဝေးတွေ ဖြစ်သွားနိုင်တယ်။ အဲဒါကို ဆိုလိုတာ။ တကယ်ကန့်ကွက်စရာ ရှိလို့ရှိရင် သတင်းအချက်အလက် မှန်မှန်ကန်ကန် ရယူပြီးတော့မှ ဥပဒေနဲ့အညီ၊ နည်းဥပဒေနဲ့အညီ၊ လုပ်ထုံးလုပ်နည်းနဲ့အညီ ရွေးကောက်ပွဲကော်မရှင်ကို ကန့်ကွက်တာက ပိုပြီး အဆင်ပြေတယ်လို့ ယုံကြည်ပါတယ်”လို့ မှတ်ချက်ပြုပါတယ်။

ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့အစည်းတစ်ရပ်ဖြစ်တဲ့ Myanmar Election Observation Network က Project Coordinator ဦးဇင်အောင်ကျော်ထင်က ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ဒီလို လှုပ်ရှားဆောင်ရွက်နေတာတွေဟာ မဲရလဒ် အရေးနိမ့်လို့၊ ရွေးကောက်ပွဲ မဲမနိုင်လို့ လုပ်ဆောင်နေတာမျိုး မဟုတ်နိုင်ဘူးလို့ သုံးသပ်ပါတယ်။ ပြည်ခိုင်ဖြိုးဟာ အာဏာရပါတီဖြစ်စဉ်ကာလမှာလည်း မဲရလဒ် အရေးမသာခဲ့တဲ့ ဖြစ်စဉ်တွေရှိခဲ့တာမို့ ခုလိုအချိန်မှာ မဲရှုံးတာဟာ ဆန်းကြယ်တဲ့ကိစ္စတော့ မဟုတ်ဘူးလို့လည်း ဦးဇင်အောင်ကျော်ထင်က ဆိုပါတယ်။

“ပြည်ခိုင်ဖြိုးပါတီသည် အတိုက်အခံပါတီလို့ ပြောလို့ရတယ်၊ အင်အားကြီးတယ်ပေါ့။ အင်အားကြီးတဲ့အတွက်ကြောင့် ပြည်ခိုင်ဖြိုးပါတီက ဒီလို လှုပ်ရှားမှုတွေမှာ ပေါ်လွင်တာ ရှိတယ်။ ကျန်တဲ့ ပါတီသေးသေးလေးတွေမှာလည်း UEC အပေါ်မှာ ဒီလို အမြင်မျိုးတွေ ရှိနေကြောင်းကို တွေ့ရတယ်။ တစ်မြို့နယ်လုံးမှ၊ တစ်ပြည်နယ်လုံးမှ တစ်ယောက်တည်း ပြိုင်တဲ့ ပါတီ သေးသေးလေးတွေ ရှိတယ်။ သူတို့ကလည်း ၁၈ မပြည့်သေးဘဲနဲ့ လပိုင်း လိုနေတဲ့ သူတွေ မဲလာပေးတယ်ဆိုတဲ့ သတင်းအချက်အလက်တွေ ရထားတာ ရှိတယ်”လို့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတစ်ယောက်အနေနဲ့ ဦးဇင်အောင်ကျော်ထင်က မှတ်ချက်ပြုပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မွန်ပြည်နယ် မဲဆန္ဒနယ် ၄၅ နေရာအတွက် နိုင်ငံရေးပါတီ ၁၆ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ပြည်ခိုင်ဖြိုးအနေနဲ့ မွန်ပြည်နယ် မဲဆန္ဒနယ်တွေမှာ ကိုယ်စားလှယ်လောင်း ၄၅ ဦး နေရာပြည့် ဝင်ပြိုင်ခဲ့ပေမဲ့လည်း မဲရလဒ် အပြတ်အသတ်ကွာဟပြီး တစ်နေရာမျှ အနိုင်ရခဲ့တာ မရှိပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုင်းရင်းသားလူမျိုးကိုယ်စားလှယ်မပါ ၃၁ နေရာ၊ မွန်ညီညွတ်ရေးပါတီက ၁၁ နေရာ အသီးသီးအနိုင်ရရှိထားပါတယ်။

ဟင်္သာမီဒီယာ

===

Leave a Reply