ဓာတ်ပုံ - USDP မွန်ပြည်နယ်

ပြည်ခိုင်ဖြိုးက မွန်ပြည်နယ်တွင် ကိုယ်စားလှယ်ကန့်ကွက်လွှာ လေးစောင်တင်ထား

+++++++++++++++++++
Jan 22, 2021

မွန်ပြည်နယ်က ရွေးချယ်ခံလွှတ်တော်ကိုယ်စားလှယ် ၄ ဦးကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ – USDP က ကန့်ကွက်လွှာတင်ထားကြောင်း USDP မွန်ပြည်နယ် ဥက္ကဋ္ဌ ဦးအောင်ကြည်သိန်းက ဟင်္သာကို အတည်ပြုပြောကြားသည်။

၎င်းက “ ကျွန်တော်တို့ ပြည်သူ့လွှတ်တော် နှစ်ယောက်၊ ပြည်နယ် တစ်ယောက်၊ အမျိုးသား တစ်ယောက် အားလုံး လေးယောက်ကို ကန့်ကွက်ထားတာပါ။ ကျွန်တော်တို့မှာ ကန့်ကွက်ရတဲ့ အကြောင်းရင်းနဲ့ သက်သေတွေရှိပါတယ်။ တစ်ခြားမှတ်ချက်တော့ ပြုစရာ မရှိပါဘူး ” ဟု ဆိုသည်။

ကန့်ကွက်လွှာ အတင်ခံရသူများမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ – NLD ကဖြစ်ကြပြီး ဘီးလင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ကိုကိုဦး၊ ပေါင်မြို့နယ် ပြည်နယ်လွှတ်တော် အမှတ် (၁) ကိုယ်စားလှယ် ဦးထွန်းမင်းအောင်၊ မော်လမြိုင်မြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်နွယ်စိုး နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုဦးတို့ ဖြစ်သည်။

ဓာတ်ပုံ – USDP မွန်ပြည်နယ်

NLD ပါတီ ဗဟိုအလုပ်မှုဆောင်တစ်ဦးဖြစ်ပြီး ကန့်ကွက်လွှာအမှုများနှင့် ပတ်သက်သည့် ဥပဒေအကြံပေးဖြစ်သူ ဦးအောင်ကြည်ညွန့်က“ ကျွန်တော်တို့အနေနဲ့ အကောင်းဆုံး ခုခံချေပသွားမှာပါ။ ကျွန်တော်တို့က တိုင်ထားတာလည်းရှိတယ်။ အတိုင်ခံရတာကတော့ အများကြီးပေါ့ ” ဟု ဆိုသည်။

ပြည်ခိုင်ဖြိုးပါတီ (မွန်ပြည်နယ်) အနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံတိုင်ကြားထားမှု ၁၈ မှုရှိပြီး အထက်ပါ ကန့်ကွက်လွှာ အမှုများလည်းပါဝင်သည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီက နေရာ ၉၂၀ တွင်အနိုင်ရရှိထားပြီး ကန့်ကွက်လွှာတင်သွင်းခံထားရသူ၂၂၅ ဦးရှိသည်။ အမှုပေါင်း ၄၀ မှာ ကိုယ်စားလှယ်တစ်ဦးတည်းကို ကန့်ကွက်လွှာနှစ်မှုရှိနေခြင်းကြောင့် စုစုပေါင်း ၂၆၅ မှု ဖြစ်နေကြောင်း သိရသည်။

သတင်း – မော်လေး
ဓာတ်ပုံ – USDP မွန်ပြည်နယ်

 

Leave a Reply