Advertisements

မော်လမြိုင်၊ ဇူလိုင်

အတိုက်ခံ ပါတီ တစ်ခု ဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP သည် ၎င်းတို့၏ ပါတီ အလံ ပုံစံ ပြောင်းလဲ တပ်ဆင်လိုက်ပြီ ဖြစ်ကြောင်း မွန်ပြည်နယ် USDP ပါတီ အတွင်းရေးမှူး ဦးဝင်းမော်ဦးက ဟင်္သာမီဒီယာသို့ ပြောကြားသည်။

ပါတီ အလံ ပြောင်းလဲ တပ်ဆင်ခြင်း အခမ်းအနားကို ဇွန် ၂၇ ရက်က မော်လမြိုင်မြို့ရှိ ပြည်နယ်ပါတီရုံး၌ ပြုလုပ်ခဲ့သည်။

“အလံပြောင်းတာကတော့ အလံရဲ့ အင်္ဂါရပ် ပိုပြီးတော့ ပြည့်စုံစေဖို့အတွက်ပါ။ အလံဆိုတာတော့ သူ့အဓိပ္ပာယ်နဲ့ သူရှိကြတယ်ဆိုတော့ ခေတ်နဲ့အညီ ဖွဲ့စည်းထားတဲ့ ပုံစံနဲ့ လိုက်ဖက်ညီအောင် ရည်ရွယ်ပြီးတော့ လုပ်ဆောင်တာပါ” ဟု ဦးဝင်းမော်ဦးက ပြောသည်။

ယခင် USDP ပါတီ အလံမှာ အစိမ်းရောင်ကို အောက်ခံအဖြစ် ထားရှိထားပြီး၊ အပေါ်ဆုံးထောင့်၏ အနီရောင် အောက်ခံ အပေါ်တွင် အဖြူရောင် ကြယ်တစ်လုံး ပုံစံမျိုးဖြစ်ကာ ယခု ပြောင်းလဲလိုက်သည် အလံမှာ အဖြူရောင် ကြယ်၏ အနားတွင် အဝါရောင် ကွက်၍ ထားသည်။ ကျန်အရောင်တွင်မူ ပြောင်းလဲ ထားခြင်း မရှိပေ။

ပါတီအလံတွင် ပါရှိသော အစိမ်းရောင်မှာ စိမ်းလန်းစိုပြည်သာယာခြင်း၊ ဖွံ့ဖြိုးတိုးတက်ခြင်း၊ အနီရောင်မှာ ရဲရင့်ခြင်း၊ သစ္စာရှိခြင်း၊ တည်ကြည်ခြင်း၊ ကြံ့ခိုင်ခြင်း စသည့် အဓိပ္ပာယ်ကို ဖော်ဆောင်ပြီး ကြယ်ဖြူမှာ ပြည်ထောင်စု ပေါင်းစည်းခြင်း ဖြစ်ပြီး ကြယ်ဖြူဘေးအနားသတ် အဝါရောင်မှာ အမျိုးသားရေး ချစ်မြတ်နိုးခြင်းစိတ်ဓာတ်ကို ဖော်ဆောင်ထားခြင်းဖြစ်ကြောင်း ဦးဝင်းမော်ဦးက ပြောသည်။

အလံသစ် လဲလှယ်ခြင်းနှင့်အတူ ပါတီဝင်များ၏ စိတ်ဓာတ် ပိုမိုကောင်းမွန်လာပြီး အမျိုးသားရေးစိတ်ဓာတ် ပိုမိုနိုးကြားလာစေရန် မျှော်လင့်သည်ဟု ၎င်းက ပြောသည်။
အဆိုပါ ပါတီအလံ အသစ်ကို မြို့နယ် ပါတီရုံးများ၌လည်း ဇွန် ၂၇ ရက်တွင် ပြောင်းလဲ တပ်ဆင်ရန် ညွှန်ကြားထားသည်။

ယခုအခါ ပါတီအနေဖြင့် ပါတီအတွင်း စည်းလုံးညီညွှတ်ရေးအတွက် ပါတီဝင် တစ်ဦးချင်းစီ၏ ကိုယ်ရည်သွေးမြင့်မားစေရန် မွမ်းမံသင်တန်းနှင့် ဆင့်ပွားသင်တန်းများ လုပ်ဆောင်ပေးနေပြီး ၂ဝ၂ဝ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေကြောင်း ဦးဝင်းမော်ဦးက ဆိုသည်။

Written by ထိုက်ထိုက်

Advertisements
<

Leave a Reply