ဝမ်းရေးအတွက် ရေးမြို့တွင်ရေလုပ်သားအဖြစ်လုပ်ကိုင်ရန် ဆုံးဖြတ်မိရာမှ တစ်ရပ်ကွက်ထဲနေထိုင်သူ အမျိုး သမီးတစ်ဦးက ရောင်းစားမည်ကို အသက် ၃၈ နှစ်အရွယ် ကိုမျိုးလှဇော်တစ်ယောက် တွေးပင်မတွေးထား ခဲ့ဖူးချေ။
“အလုပ်မကောင်းလို့ ပင်လယ်ပြင် လိုက်သွားပါတယ်။ကိုယ့်လူမျိုးအချင်းချင်း ရောင်းစားခံခဲ့ရတယ်”ဟု ရေးမြို့နယ်၊ အစင်ကျေးရွာရှိ ငါးဖမ်းစက်လှေတစ်ခုတွင် လူပွဲစားများက အလုပ်သွင်းပေးပြီး လုပ်ခလစာများ ခေါင်းပုံဖြတ်ခြင်းကို ခံခဲ့ရသူ ၎င်းက ဆိုသည်။

abaw

မော်လမြိုင်မြို့၊သီရိမင်္ဂလာရပ်ကွက်တွင်နေထိုင်ပြီး ဝါးထရံအလုပ်ကို လုပ်ကိုင်ခဲ့သူ ကိုမျိုးလှဇော်ကို တစ်ရပ် ကွက် တည်းနေထိုင်ခဲ့သူ အမျိုးသမီးတစ်ဦးက ရေးမြို့နယ်ရှိ၊ အစင်ကျေးရွာရှိ ငါးဖမ်းစက်လှေတစ်ခုသို့ ပို့ဆောင်၍ လုပ်ခလစာများကို ပွဲစားများက ကြိုတင်ထုတ်ယူခဲ့ခြင်း ဖြစ်သည်။

ယခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စု၏ လူကုန်ကူးမှုနှင့် ပတ်သက်၍ ဖိအားပေးခြင်းခံခဲ့ရသော မြန်မာနိုင်ငံ တွင် ပြည်ပသို့ လူရောင်းစားခြင်းသာမက ပြည်တွင်းလူကုန်ကူးမှုများပါဖြစ်ပွားလျက်ရှိနေသည်။

ပြီးခဲ့သောနှစ်များမှစ၍ ရေးမြို့နယ်၊ အဘော်နှင့် အစင်ကျေးရွာများရှိ ငါးဖမ်းလုပ်ငန်းအချို့တွင် ပြည်တွင်းလူ ကုန်ကူးမှုများဖြစ်ပေါ်နေကြောင်း ဒေသခံများကပြောဆိုကြသည်။

“လူမှောင်ခိုမှာက နယ်စပ်ဖြတ်ကျော်မှုပါရတယ်။လူကုန်ကူးမှုမှာက နယ်စပ်ဖြတ်ကျော်မဟုတ်ဘဲ ပြည်တွင်း မှာကို ဖြစ်ပွားနိုင်တယ်”ဟု ရေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်သော်က ပြောကြားသည်။

လုပ်သားများကို သွေးဆောင်လိမ်လည်၍ စုဆောင်းကာ လုပ်ငန်းခွင်တစ်ခုသို့ ပို့ဆောင်ပြီး လုပ်ခလစာများကို ခေါင်းပုံဖြတ်ခြင်းများမှာ လူကုန်ကူးမှုပင်ဖြစ်သည်။
ယင်းပုံစံလူကုန်ကူမှုများ ရေးမြို့နယ်၊အဘော်နှင့်အစင်ကျေးရွာများတွင် ဖြစ်ပွားနေခြင်းဖြစ်ပြီး ငါးဖမ်းလုပ်ငန်း များတွင် လုပ်ကိုင်ရန် ပွဲစားများက လုပ်သားများကို စည်းရုံးခေါ်ဆောင်လာပြီး လုပ်ခလစာများကို ယင်းပွဲစား များကပင် လုပ်ငန်းရှင်များထံမှ ကြိုတင်ထုတ်ယူ၍ ခေါင်းပုံဖြတ်ခြင်းများ ဖြစ်ပွားနေခြင်း ဖြစ်သည်။

ရေလုပ်သားလိုအပ်ချက်

ဒေသတွင်း မငြိမ်မသက်မှုနှင့် နယ်မြေမလုံခြုံစဉ်က ငါးဖမ်းလုပ်ငန်းလာရောက်လုပ်ကိုင်သူ နည်းပါးခဲ့သော ရေးမြို့နယ်မှာ ပြီးခဲ့သော ငါးနှစ်တာကာလအတွင်း ဧရာဝတီတိုင်းဒေသကြီးအခြေစိုက် ရေလုပ်ငန်းရှင်များ အတွက် ပြောင်းရွှေ့အခြေချရာ ဒေသတစ်ခုဖြစ်ခဲ့သည်။

ပင်လယ်ပြင်တွင် ငါးဖမ်းထွက်ကြရာတွင်  အချိန်ကြာမြင့်စွာသွားလာရမှုနည်းပါးခြင်းကြောင့်  ရေးမြို့နယ်ရှိ အစင်နှင့်အဘော်အပါအဝင် ကျေးရွာအချို့သို့ ဧရာဝတီတိုင်းဒေသကြီးများမှ ရေလုပ်ငန်းရှင်များက အခြေချလုပ်ကိုင်ခဲ့ကြသည်။

“ဒီလိုစည်လာတာက ၅ နှစ် ၆ နှစ်ပဲရှိသေးတယ်။ လုပ်ငန်းအောင်မြင်လာလို့ စည်လာတယ်” အဘော်ကျား တန်းရေလုပ်ငန်းရှင်များအသင်း၏ အတွင်းရေးမှူး ဦးမြင့်သန်း ကရှင်းပြသည်။

အဘော်ကျားတန်းသည် ရေးမြို့နယ်ရှိငါးဖမ်းလုပ်ကိုင်နေသော အစင်၊အဘော်နှင့် ဇီးဖြူသောင်ကျေးရွာမျာသုံးခု တွင် ငါးဖမ်း လုပ်ငန်း အများဆုံးရှိသောကျားတန်းတစ်ခုဖြစ်ပြီး  လုပ်ငန်းရှင် ၅၀ ကျော်လုပ်ကိုင်လျက်ရှိသည်။

လုပ်ငန်းများများပြားလာခြင်းနှင့်အတူ ကပ္ပလီပင်လယ်ပြင်တွင် ငါး၊ပုစွန်များဖမ်းဆီးမည့် ကျားဖောင်၊ စိန်ပိုက် အစရှိသည့် လှေများတွင် လုပ်ကိုင်မည့် ရေလုပ်သားလိုအပ်ချက်မှာလည်း နှစ်စဉ်မြင့်တက်လျက်ရှိသည်။

ထို့အတူ ရေလုပ်သားအချို့ မှာလည်း လုပ်ငန်းခွင်အတွင်း မလုပ်ကိုင်နိုင်တော့၍ နေရပ်ပြန်ခြင်းများပါ ပေါ်ပေါက်လာခဲ့ရာ အစင်နှင့် အဘော်ရှိ ရေလုပ်ငန်းများတွင် လုပ်သားလိုအပ်ချက်များမှာ  ပိုမိုမြင့်တက်နေခြင်းဖြစ်သည်။

ယင်းအခြေအနေများတွင် လုပ်သားလိုအပ်ချက်ပြဿနာကို ဖြေရှင်းရန် လုပ်ငန်းရှင်များက လူရှာပေးသည့်ပွဲစားများကို စတင်အသုံးပြုလာကြရာမှ လူကုန်ကူးမှုများပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

“အရင်ကဆို အလုပ်လိုချင်တဲ့သူက အလုပ်ရှင်အိမ်မှာလာလျှောက်တာ။အခုကျတော့ ပွဲစားကလိုက်စပ်ပြီး လူခေါ်တာတွေဖြစ်လာတယ်။အဲ့ဒီမှာ အခုလိုတွေဖြစ်လာတာပဲ”ဟု နှစ်ပေါင်းနှစ်ဆယ်ကျော် ရေလုပ်ငန်းလုပ်ကိုင်ခဲ့သူ ဦးမြင့်သန်း ကရှင်းပြသည်။

အရေးပါ ပွဲစား

သြဂုတ်လမှစ၍ ကပ္ပလီပင်လယ်ပြင်တွင် ကျားဖောင်များနှင့်ငါးဖမ်းထွက်ရန် စတင်ပြင်ဆင်တော့မည်ဖြစ်ရာ ကျားဖောင်များအတွက် ရေလုပ်သားများစတင်လိုအပ်တော့မည်ဖြစ်သည်။

ရေးမြို့နယ်မှ ကျားဖောင်လုပ်ငန်းများသည် သြဂုတ်လမှကုန်ပိုင်းမှ ဧပြီလ ဝန်းကျင်အထိ ကပ္ပလီပင်လယ် ပြင်တွင် ငါးဖမ်းကြခြင်းဖြစ်သည်။
ငါးခြောက်၊ပုစွန်ခြောက်မှအစ ပြည်ပသို့တင်ပို့သည့် ရေထွက်ကုန်များအတွက်ပါ ဖမ်းဆီးမှုများပြုလုပ်နေသည့် အစင်၊အဘော်နှင့် ဇီးဖြူသောင်ကျေးရွာများရှိ ငါးဖမ်းလုပ်ငန်းများတွင် အလုပ်လုပ်ကိုင်သူ တစ်သောင်း ကျော်ရှိနေသည်။

လူတစ်သောင်းကျော်တွင် အခြေချနေထိုင်၍ တစ်နှစ်ပတ်လုံးလုပ်ကိုင်သူများလည်းရှိပြီး အခြားအရပ်ဒေသများ မှ လာရောက်ပြောင်းရွှေ့လုပ်ကိုင်သူများလည်းရှိသည်။
ယင်းကာလတွင်ငါးဖမ်းလှေများ၌ လုပ်ကိုင်ရန် ရေလုပ်သားတစ်ဦးရှာဖွေပေးနိုင်ပါက လူပွဲစားများသည် ကျပ် နှစ်သောင်းမှ သုံးသောင်းအထိ ရရှိလျက်ရှိကြောင်း ရေလုပ်ငန်းရှင်များထံမှ သိရသည်။

အထူးသဖြင့် ကျားဖောင်များတွင် လုပ်ကိုင်သူများမှာ လုပ်ငန်းရာသီသိမ်းချိန်ဖြစ်သည့် မတ်လပိုင်းတွင် နေရပ်သို့ပြန်ကြပြီးအချို့မှာ ပြန်လာခြင်းမရှိသည့်အတွက် ယင်းနေရာတွင်အစားထိုးလုပ်ကိုင်မည့် ရေလုပ်သားသစ်များကို ပွဲစားများက နှစ်စဉ် ရှာဖွေရသည်။

နှစ်စဉ် ကျားဖောင်လုပ်ငန်းများတွင် လုပ်ကိုင်ရန် လူအင်အားထောင်ဂဏာန်းဝန်းကျင်လိုအပ်လျက်ရှိပြီး ယင်း၏ သုံးပုံနှစ်ပုံခန့်ကို ပွဲစားများဖြင့်လာရောက်ကြခြင်းဖြစ်ကြောင်း ရေးမြို့နယ်ငါးလုပ်ငန်းဦးစီးဌာန မှ ဦးစီးမှူး ဦးဇော်မင်းဦးက ရှင်းပြသည်။
“အဲဒီမှာ သုံးပုံ၊နှစ်ပုံလောက်က ပွဲစားနှင့်လာကြတာ”ဟု ၎င်းက ရှင်းပြသည်။

လက်ရှိတွင် ကျားတန်းများတွင်လုပ်ကိုင်မည့် ရေလုပ်သားရှာဖွေနေသည့် ရေးမြို့နယ်အခြေစိုက် တရားမဝင် ပွဲစားပေါင်း ၂၀ ကျော်ရှိနေသည်။
အဆိုပါပွဲစားများသည့် ကျားတန်းများတွင် လုပ်ကိုင်မည့် ရေလုပ်သားများကို ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံ၊လှိုင်သာယာ အစရှိသည့်မြို့နယ်များမှ လူများနှင့် ပဲခူးတိုင်း ဒေသကြီး ပြည်နှင့် အခြားဒေသများမှပါ လုပ်သားများကို ရှာဖွေလျက်ရှိသည်။

ရာဇဝတ်မှု များ ၏ ပဋိသန္ဓေ

ရေလုပ်သားသစ်များခေါ်ဆောင်ရှာဖွေရာတွင်  ဥယျာဉ်ခြံများ၌ လုပ်ကိုင်ရမည်ဟုပြောဆိုခြင်း၊ ရေလုပ်ငန်းတွင် လုပ်ကိုင် ရမည်ဆိုသော်လည်း မည်သို့ ဆောင်ရွက်ရမည်ကို တိတိကျကျပြောဆိုတော့ခြင်းမရှိဘဲ လှေပေါ်သို့ အတင်း တင်ပေးလိုက်ခြင်းများအထိပါ ပွဲစားများက လုပ်ဆောင်လာကြကြောင်း အဘော်ကျားတန်းနှင့် အစင်ကျေးရွာတွင် နေထိုင်သည့် ဒေသခံများထံမှ သိရသည်။

ထိုမျှမက လုပ်ခလစာများကိုလည်း လုပ်ငန်းရှင်များထံမှ ပွဲစားများက ကြိုတင်ထုတ်ယူနေခြင်းများပါ ဖြစ်ပွားလျက်ရှိပြီး လှေပေါ်တွင်လည်း ရေလုပ်သားများကို ပဲ့ထိန်းများက အတင်းအဓမ္မခိုင်း စေမှု များပြုလုပ်လျက်ရှိကြောင်း အစင်ကျေးရွာတွင်နေထိုင်ပြီး ပဲ့ထိန်းအဖြစ်လုပ်ကိုင်ခဲ့ဖူးသူ ဦးပိုင်စိုးထွန်းက ရှင်းပြသည်။

ရေလုပ်ငန်း၏ သဘောတရားမှာ လုပ်သားများကို လှေပေါ်မတက်ခင်ကြိုတင်ငွေထုတ်ပေး၍ ခိုင်းစေခြင်းဖြစ်ပြီး ယင်းအခြေအနေတွင် ရေလုပ်သားများလှေပေါ်ရောက်နေချိန်တွင်တော့ အလုပ်သွင်းပေးသည့် ပွဲစားများက ငွေများထုတ်ယူ၍ ခေါင်းပုံဖြတ်ခြင်းများပါ လုပ်ကိုင်လျက်ရှိသည်။
“ကျွန်တော်တို့ကမလုပ်နိုင်လို့ လှေပေါ်က ပြန်မယ်ဆိုတော့ ပြန်လို့မရဘူး။ဟိုမှာ ခြောက်လစာ ပွဲစားက ကြိုထုတ်ထားတယ်လေ”ဟု အစင်ရွာရှိ ငါးဖမ်းစက်လှေတွင် ပွဲစားက လစာကြိုထုတ်၍ ထားသွားခြင်းကိုခံခဲ့ရသူ ကိုမျိုးလှဇော်ကဆိုသည်။

ကိုမျိုးလှဇော်သည် တစ်လတစ်သိန်းကျပ်ရရှိမည်ဟု ပွဲစားက ပြောဆို၍ လိုက်လံလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ကြိုတင်ငွေကျပ်တစ်သိန်းသာ ရရှိခဲ့ပြီး ပွဲစားကမူ လုပ်ငန်းရှင်ထံမှ ခြောက်လစာကြိုထုတ်သွားခြင်းဖြစ်သည်။

သို့သော် လုပ်ခလစာများကို ခေါင်းပုံဖြတ်ခြင်းမှာ လူပွဲစားများကလုပ်ဆောင်ခြင်းဖြစ်ပြီး လုပ်ငန်းရှင်များကမူ လုပ်ခလစာများကို အပြည့်အဝပေးချေလျက်ရှိကြောင်း အဘော်ကျားတန်းရှိ လုပ်ငန်းရှင်များက ပြောဆိုကြသည်။

အလုပ်စေခိုင်းရာတွင်လည်း လှေပေါ်တွင် တစ်ရက်လျှင် ရေတက်၊ရေကျ လေးကြိမ်သာ ပိုက်ချ၍ ငါးဖမ်းခိုင်း ခြင်းဖြစ်ပြီး အတင်းအဓမ္မခိုင်းစေခြင်းရှိဘဲ အလုပ်သမားများထွက်ပြေးလျှင်ပင် လုပ်ခလစာများအရှုံးပေါ် နေကြောင်း ၎င်းတို့က ဆိုကြသည်။

ပျောက်နေတဲ့ တရားခံ

အစင်ကျေးရွာတွင် နေထိုင်၍ ရေလုပ်ငန်းများအတွက် လုပ်သားရှာဖွေပေးနေသည့် ပွဲစားတစ်ဦးကမူ လုပ်သားများနှင့် အလုပ်ရှင်များအဆင်ပြေစေရန် ကူညီပေးနေခြင်းသာဖြစ်ပြီး ခေါင်းပုံဖြတ်ခြင်း မလုပ်ဆောင်ကြောင်း တုန့်ပြန်ပြောဆိုသည်။

ခေါင်းပုံဖြတ်ခြင်းနှင့် အဓမ္မခိုင်းစေခြင်းစသည့်ကိစ္စရပ်များ၏ အဓိကအကြောင်းရင်းမှာ တရားမဝင်လုပ်ကိုင် နေသည့် ပွဲစားများကြောင့်ဖြစ်ပြီး အရေးယူမှုများပြုလုပ်ရန်လိုအပ်ကြောင်း လုပ်ငန်းရှင်များနှင့် အရပ်ဘက်အဖွဲ့အစည်းများက တစ်ညီတညွတ် တည်းဆိုကြသည်။

“သက်သေအထောက်အထားနဲ့တိုင်ကြားရင်တော့ ပွဲစားတွေကို အရေးယူနေပါတယ် “ရေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်သော်က ပြောကြားသည်။
ရေလုပ်သားများအရေးကို လိုက်လံဖြေရှင်းပေးနေသူတစ်ဦးဖြစ်သည့် ရေးမြို့နယ်လူမှုအကျိုးဆောင်အဖွဲ့မှ အတွင်းရေးမှူး ဦးအောင်နိိုင်ဝင်းကမူ လုပ်ငန်းရှင်များ၏ လိုအပ်ချက်ဖြစ်သော ရေလုပ်သားရှာဖွေမှုကို တရားဝင်ဆောင်ရွက်ပေးမည့် အေဂျင်စီတစ်ခုကို ထူထောင်သင့်ကြောင်း  အကြံပြုပြောဆိုသည်
တရားဝင်အေဂျင်စီဖြင့်လုပ်ကိုင်ပါက လူကုန်ကူးမှုပြဿနာမှာအဆင်ပြေနိုင်မည်ဖြစ်သော်လည်း  ရေလုပ်သားရှားပါးမှုပြဿနာကိုလည်း  ပြန်လည်သုံးသပ်ရန်လည်းလိုအပ်ကြောင်း ရေးမြို့နယ်၊ငါလုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူး ဦးဇော်မင်းဦးက ဆိုသည်။

“လုပ်သားလိုအပ်ချက်ဘာကြောင့်ရှိနေလည်းဆိုတာကို ကျွန်တော်တို့ အဖြေတစ်ခုပြန်ရှာရမယ်”ဟု ဧရာဝတီတိုင်းသားတစ်ဦးဖြစ်သူ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းဦးက ဆိုသည်။

” နောက်တစ်ခုက သူတို့ကို တန်ရာတန်ကြေးပေးနိုင်ရင် ပိုပြီးအဆင်ပြေလိမ့်မယ်။ ဒီလုပ်ငန်းနဲ့တန်ရင် နောက်တစ်ခေါက်လာလုပ်မှာပဲလေ”ဟု ၎င်းက ထပ်လောင်းပြောဆိုသည်။

ရေးမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ မင်းစိုးလင်းကမူ ယင်းကိစ္စများနှင့် ပတ်သက်၍ ဥပဒေဘောင်အတိုင်းဆောင်ရွက်သင့်ပြီး တရားဥပဒေစိုးမိုးရေးရရှိရန် အဓိက လုပ်ဆောင်ရန်လိုအပ်နေပြီဖြစ်ကြောင်း သတိပေးပြောဆိုသည်။

သြဂုတ်လအတွင်းရောက်သည်နှင့် ယခုနှစ်ရာသီအတွက်ကျားဖောင်များတွင်လုပ်ကိုင်ရန် အနယ်နယ် အရပ်ရပ်မှ ရေလုပ်သားများကို ပွဲစားများက ခေါ်ဆောင်လာကြတော့မည်ဖြစ်သည်။

ရေးမြို့နယ်၊ငါလုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူး ဦးဇော်မင်းဦးကမူ  လူကုန်ကူးမှုကိစ္စရပ်များနှင့်ပတ်သက်၍ ပြေလည်အောင် ဖြေရှင်းရန်လိုအပ်နေပြီဖြစ်ကြောင်း ထပ်လောင်းပြောဆိုသည်။

” ဒါကြီးကိုဖြေရှင်းမှရမယ်။မဖြေရှင်းရင်တော့ လုပ်ငန်းတွေကိုပါထိခိုက်လာလိမ့်မယ်” ၎င်းက သုံးသပ်ပြော ဆိုသည်။

Leave a Reply