Advertisements

မြန်မာ့နိုင်ငံရေး သတင်းများကို စိတ်ဝင်တစားရှိကြတဲ့ စာဖတ် ပရိသတ်များ မင်္ဂလာပါ ခင်ဗျာ .. ။ ဒီတစ်ပတ်မှာတော့ တစ်ကမ္ဘာလုံးက သည်းကြီးမဲကြီး စောင့်ကြည့်နေကြတဲ့ ထိုင်းနိုင်ငံ က သဘာဝ လှိုဏ်ဂူထဲမှာ ပျောက်ဆုံးနေခဲ့သော ဆယ်ကျော်သက် လူငယ် ၁၃ ဦးကို ရှာဖွေတွေ့ရှိတဲ့ သတင်း နဲ့နောက်ဆက်တွဲ ကယ်ဆယ်ရေးကြိုးပမ်းမှုသတင်းတွေ လွှမ်းမိုးအားကောင်းနေတဲ့ ကြားကအများပြည်သူ စိတ်ဝင်စားတဲ့ မြန်မာပြည်တွင်းနိုင်ငံရေးသတင်းတွေဖြစ်ပေါ်ခဲ့ပါတယ်။
ပြောရမယ်ဆိုရင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး နဲ့ ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ တို့ ဇူလိုင်လ ၁ ရက်နေ့က ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ရောက်ရှိနေချိန်မှာ ရခိုင်ပြဿနာကြောင့် ကမ္ဘာ ဘဏ် အနေနဲ့က မြန်မာနိုင်ငံ ကို အကူအညီပေးနေတာတွေရပ်ဆိုင်းတော့မယ်လို့ ဘင်္ဂလားဒေ့ရှ် မီဒီယာတွေကဖော်ပြခဲ့တဲ့အတွက် မြန်မာနိင်ငံသားတွေ စိတ်ပျက်အားငယ်စရာဖြစ်နေတုန်း နောက် ၂ ရက်အကြာမှာပဲ ကမ္ဘာ့ဘဏ် က တာဝန်ရှိသူတွေက အဲဒီ သတင်းဟာမှားယွင်းနေတယ်လို့ ပြန်လည်ဖြေရှင်းခဲ့တဲ့ အတွက်စိတ်သက်သာရာ ပြန်လည်ရရှိခဲ့ပါတယ် ။

ဗိုလ်ချုပ် တန်ဖိုးတကယ်တိုးချင်လျှင်

ပြီးခဲ့တဲ့ တစ်ပတ်လုံးမှာ အလှုပ်ရှားဆုံးသတင်းကတော့ ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ဆောက်လုပ်ထားရှိမယ့် ပြည်နယ် အစိုးရရဲ့ အစီအစဉ် ကို ဒေသခံ လူထုများ က ကန့်ကွက်ဆန္ဒပြရာကနေ ရဲတပ်ဖွဲ့ က အကြမ်းဖက်ဖြိုခွဲ ဖမ်းဆီးခဲ့တာကြောင့် ဝေဖန်မှုတွေ နိုင်ငံတစ်ဝှမ်းမှာဖြစ်ပေါ်ခဲ့တဲ့သတင်းပဲဖြစ်ပါတယ် ။

ဒီတစ်ပတ်တော့ တစ်နိုင်ငံလုံးက လေးစား တန်ဖိုးထားရတဲ့ မြန်မာ့ လွတ်လပ်ရေး ရဲ့ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အမည်နာမနဲ့ ဗိုလ်ချုပ် ရဲ့ ရုပ်တု ဟာ တိုင်းရင်းသားတွေ ရဲ့ နိုင်ငံရေးမှာ ဘယ်လို အကြောင်းအကျိုးတွေကြောင့် ဆန့်ကျင်ကန့်ကွက်စရာ ဖြစ်နေရသလဲ၊ အစိုးရ အနေနဲ့ရော ဘာကြောင့် ဗိုလ်ချုပ်ရုပ်တုကို တိုင်းရင်းသားဒေသတွေမှာထားရှိလိုတာလဲ ၊ ဗိုလ်ချုပ်ရုပ်တု ဆန့်ကျင်မှုတွေ နဲ့ NLD အစိုးရရဲ့ ဗိုလ်ချုပ်ရုပ်တု ထားရှိရေး ရည်ရွယ်ချက်နဲ့ အကျိုးသက်ရောက်မှုဟာ ဘာတွေဖြစ်မလဲဆိုတာ သုံးသပ်ကြည့်ချင်ပါတယ်။

အခြေခံအားဖြင့် မွန်ပြည်နယ် ချောင်းဆုံ တံတားကို ဗိုလ်ချုပ်အောင်ဆန်း တံတား
လို့ အမည်ပေးခဲ့စဉ်က ဖြစ်ပေါ်ခဲ့တဲ့ NLD ပါတီ နဲ့ ဒေသတွင်း နိုင်ငံရေး အင်အားစုတွေ အကြား အားပြိုင်မှု နဲ့ အဲဒီကနေ နောက် ဆက်တွဲ NLD ပါတီ ရှုံးနိမ့်ခဲ့ရတဲ့ ကြားဖြတ်ရွေးကောက်ပွဲ ရဲ့ အကျိုးဆက်တွေကနေ အစပြုပေးခဲ့တဲ့ ဒေသခံနိုင်ငံရေး အင်အားစုတွေအနေနဲ့ NLD အစိုးရ နဲ့အားစမ်း နိုင်တဲ့ အားပြိုင်နိုင်တဲ့ ရွေးချယ်စရာ နိုင်ငံရေး ကစားပွဲနည်း တစ်ခုဖြစ်လာတယ်လို့ပြောရမယ်ထင်ပါတယ် ။

ဒီနေရာမှာ ပြဿနာက NLD ပါတီအနေနဲ့ စည်းရုံးရေးလုပ်ငန်းစဉ်တစ်ရပ်အနေနဲ့ မူလကတည်းကရည်မှန်းချက်ရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပတ္တိ ရုပ်ရှင် ၊ ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ၊ဗိုလ်ချုပ်အောင်ဆန်း ပုံပါ ငွေစက္ကူ ၊ စသဖြင့် တိုင်းပြည်မှာ ဗိုလ်ချုပ်အောင်ဆန်းသင်္ကေတကို ပြန်လည်ထူထောင်ဖို့ လုပ်ငန်းတွေ ကို မကြောင့်မကျ ပဲဆက်လက်ဆောင်ရွက်နေတာပဲဖြစ်ပါတယ် ။

သာမန်အားဖြင့် တိုင်းရင်းသား နိုင်ငံရေး အင်အားစုတွေ အနေနဲ့ တိုင်းရင်းသားအခွင့်အရေးတွေ နဲ့ ပတ်သက်ပြီး ထောက်ပြစရာရှိလာရင် ဗိုလ်ချုပ်ရဲ့ ပင်လုံကတိကဝတ်အကြောင်း အခါအားလျော်စွာ ရှေ့တန်းတင်ပြောကြားလေ့ရှိသော်လည်း ဗိုလ်ချုပ်ကို မလိုလားဆန့်ကျင်တဲ့သဘောထားမျိုး အရင်က မရှိခဲ့ဘူးဆိုတာတော့သေချာပါတယ် ။

သို့သော်လည်း အခုအချိန်ကျမှ ဗိုလ်ချုပ် ကိုယ်စားပြုသင်္ကေတ မှတ်တိုင်တွေကို တိုင်းရင်းသားဒေသတွေမှာ စိုက်ထူ ထားရှိဖို့ ကြိုးစားတဲ့ အခါ အခုလိုဆန့်ကျင် ကန့်ကွက်မှုတွေပေါ်ပေါက်လာတာဟာ အမှန်တကယ်တော့ လက်ရှိ NLD အစိုးရ ကိုင်တွယ်ဖန်တီးနေတဲ့ နိုင်ငံရေး ၊ စီးပွားရေး ၊ အုပ်ချုပ်ရေးအခြေအနေတွေ ၊ အခင်းအကျင်းတွေအပေါ်မှာ မကျေနပ်မှုတွေ ဆန့်ကျင်ကန့်ကွက်လိုမှုတွေကြောင့်ဖြစ်တယ်လို့ သုံးသပ်ပါတယ်။

ကယားပြည်နယ် လွိုင်ကော်မြို့မှာ အခု ဇူလိုင်လ ၃ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဗိုလ်ချုပ်ရုပ်တု တည်ဆောက်ထားရှိမှု ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုမှာ ဦးဆောင်ခဲ့သူ ဒေသခံခေါင်းဆောင်အချို့ကလည်းအခုလို ကန့်ကွက်ရတာဟာ ဗိုလ်ချုပ်အောင်ဆန်းကို မကြိုက်လို့ မဟုတ်ဘဲ ပြည်နယ်အစိုးရ ရဲ့ ဒေသခံ လူထု သဘောထားကို လျစ်လျူရှုလွန်းလို့သာ အခုလို လုပ်ရတာဖြစ်ကြောင်း မီဒီယာတွေကိုရှင်းပြခဲ့ပါတယ် ။

စိတ်ဝင်စားဖို့ကောင်းတာက ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ဆန့်ကျင်ရေး ဟာ ဆန္ဒပြချီတက်လှုပ်ရှားမှုတွေ နဲ့ ပုံမှန်အခြေအနေနဲ့ ပြီးဆုံးသွားရမယ့်အစား ဆန္ဒပြသူတွေ အနေနဲ့ ကြိုတင် တင်ပြထားခြင်းမရှိတဲ့ ဆန္ဒပြချီတက်ရလမ်းကြောင်းတွေကို တားမြစ်နေတဲ့ ကြားက ရှေ့တိုး ချီတက်ဖို့ ကြိုးစားတာကြောင့် ရဲတပ်ဖွဲ့ က တားဆီးနိမ်နင်း အကြမ်းဖက် ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့ရတဲ့ အတွက် ရုပ်ပျက်ဆင်းပျက်ဖြစ်ရတဲ့ ဒီသတင်းဟာ ပိုပြီးကျော်မကောင်း ကြားမကောင်းဖြစ်သွားပါတယ်။

ဒေသ အဏာပိုင်တွေအနေနဲ့ နောက်ဆက်တွဲအနေနဲ့ဆန္ဒပြ ဦးဆောင်သူတွေအပေါ်ကြီးလေးတဲ့ ပုဒ်မတွေ နဲ့ပါ အရေးယူဖို့ ကြိုးစားခဲ့တာကြောင့် မီဒီယာတွေ၊ လူမှုကွန်ရက်တွေပေါ်မှာ အစိုးရရဲ့ တုံ့ပြန်ဆောင်ရွက်မှုအပေါ်ပြင်းပြင်းထန်ထန်ဝေဖန်တာတွေအတော်လေးကျယ်လောင်မြင့်တက်ခဲ့ပါတယ် ။

အဲဒီနောက်မှာပဲ ကယားဒေသဟာ မြန်မာနိုင်ငံ အင်္ဂလိပ်ကိုလိုနီ လက်အောက်ကိုကျရောက်နေစဉ်ကတည်းက လွတ်လပ်တဲ့ ဒေသအဖြစ် ရပ်တည်နေခဲ့တာဖြစ်လို့ အင်္ဂလိပ်ဆီကနေ လွတ်လပ်ရေး ယူပေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း ဟာ ကယားဒေသမှာ သင်္ကေတ အဖြစ်နဲ့စိုက်ထူထားရှိဖို့ မလိုအပ်ဘူးဆိုတဲ့ပြောဆိုချက်တွေလည်းထွက်ပေါ်လာပါတယ်။

ဒီနေရာ ပထမဆုံး NLD ပါတီဘက်ကနေ ပါတီအနေနဲ့ ဗိုလ်ချုပ်တွေ တိုင်းရင်းသားဒေသတွေမှာ စိုက်ထူထားရှိဖို့ တရားဝင် ညွှန်ကြားထားတာမရှိဘူးလို့ ပါတီ ရဲ့ ပြောရေးဆိုခွင့်ရှိသူကနေ တုံ့ပြန်ပါတယ်။ တစ်ဆက်တည်းမှာပဲ ဗိုလ်ချုပ်ရုပ်တုဟာ ပြည်ထောင်စုစနစ်ကို ဖော်ဆောင်ခြင်းဆိုတဲ့ သင်္ကေတသဘောကိုဆောင်တယ် လို့လည်း NLD က ဖြေရှင်းချက်ပေးပါတယ်။

မည်သို့ပင်ဆိုစေ လွိုင်ကော်မြို့ ဗိုလ်ချုပ်ရုပ်တုဆန့်ကျင်ရေးဟာ မွန်ပြည်နယ် ချောင်းဆုံတံတား ကိစ္စအပြီးမှာ ဒုတိယ အကြီးမားဆုံး NLD အပေါ်တိုင်းရင်းသားတွေ ရဲ့ ဆန့်ကျင်လှုပ်ရှားမှုကြီးဖြစ်နေပါတယ် ။ ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာကတော့ ချောင်းဆုံ ပြဿနာလိုပဲ ကြားဖြတ်ရွေးကောက်ပွဲ အကြိုကာလ နဲ့ တိုက်ဆိုင်နေတာပဲဖြစ်ပါတယ်။ ကယားပြည်နယ်အတွင်းမှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် မရှိသော်လည်း ရှမ်း ၊ ချင်း ၊ကချင်၊ ရခိုင်ဒေသတွေ မှာ ကြားဖြတ်ရွေးကောက်ပွဲကျင်းပဖို့ ရှိနေတာကြောင့် ချင်းပြည်နယ်ကလွဲရင် ကျန်တဲ့ ပြည်နယ်တွေမှာ NLD နဲ့ဒေသခံ ပါတီတွေအကြား အားပြိုင်မှုတွေ ရှိနေပြီးဖြစ်တာကြောင့် ဒီ လွိုင်ကော် ဗိုလ်ချုပ်ရုပ်တုဆန့်ကျင်ရေးနဲ့ ဆန္ဒပြ တိုင်းရင်းသား ပြည်သူတွေအပေါ် အရေးယူမှုတွေ ရဲ့ ဂယက်က ရွေးကောက်ပွဲအပေါ်ဘယ်လောက်ထိ ထိရောက်မလဲဆိုတာကလည်း စိတ်ဝင်စားဖို့ကောင်းလှပါတယ် ။

အခုနောက်ဆုံးအနေနဲ့သမ္မတ ရုံးပြောခွင့်ရ ပုဂ္ဂိုလ်ရဲ့ပြောကြားချက်အရ ကယားပြည်နယ် ဝန်ကြီးချုပ်ကို ဗိုလ်ချုပ်ရုပ်တုနဲ့ပတ်သက်ပြီး ဆန္ဒပြမှုတွေအပေါ် ညှိနှိုင်းတဲ့နည်းနဲ့ဖြေရှင်းဖို့ သမ္မတရုံးကနေ ညွှန်ကြားထားတယ်လို့ဆိုပါတယ်။

ဒီပြဿနာကို ခြုံငုံပြီးသုံးသပ်ရမယ်ဆိုရင် အဓိက အချက် ၂ ချက်တွေ့ရပါတယ်။ ပထမတစ်ချက်က NLD ပါတီက ဆောင်ရွက်နေတဲ့ ဗိုလ်ချုပ်ရုပ်တု ထားရှိရေး အပါအဝင် ဗိုလ်ချုပ်သင်္ကေတ ပြန်လည်ဖေါ်ထုတ်ရေး လုပ်ငန်းတွေကို မူလကတည်းကစိတ်ကူးထားခဲ့ပြီးဖြစ်ပေမယ့် NLD အစိုးရ အာဏာ ရပြီး ၂ နှစ် ကျော်ကြာမြင့်လာတဲ့ အချိန်မှာ ပြည်သူတွေအနေနဲ့ အစိုးရအပေါ် အားမရတာ၊ သဘောမတွေ့တာတွေ အမျာအပြားရှိလာကြပြီးအထူးသဖြင့် တိုင်းဒေသကြီးနဲ့ ပြည်နယ် ဒေသ အာဏာပိုင်တွေအပေါ် အထွေထွေ မကျေလည်မှုတွေရှိနေတဲ့ ဒေသခံပြည်သူတွေအဖို့ ဗိုလ်ချုပ် ရုပ်တု တည်ဆောက်ရေးလုပ်ငန်းတွေဟာ အစိုးရကို မကျေနပ်ချက်နဲ့ရမ်းဖို့ ကြားခံပစ်မှတ်တစ်ခု ရသွားတယ်လို့ သုံးသပ်ပါတယ်။

ဒုတိယ တစ်ချက်ကတော့ တိုင်းရင်းသား ဒေသတွေမှာရှိတဲ့ တိုင်းရင်းသားနိုင်ငံရေး ပါတီ တွေအပါအဝင် တိုင်းရင်းသား နိုင်ငံရေး အင်အားစုတွေ အနေနဲ့ဒေသခံပြည်သူတွေကို ဒေသတွင်းပြဿနာတွေ ကို အခြေပြုစည်းရုံးဖို့ NLD ရဲ့ ဗိုလ်ချုပ်ရုပ်တုလို ပြဿနာမျိုးဟာ အခွင့်အရေးတစ်ရပ်ဖြစ်နေလို့ပဲဖြစ်ပါတယ် ။

ဗိုလ်ချုပ်ရုပ်တုကို ပစ်မှတ်ထားဆန့်ကျင်လိုက်ခြင်းအားဖြင့် ဗမာတွေ ရဲ့ ကြီးစိုးလိုမှု ကို မီးမောင်းထိုးပြပြီးသားဖြစ်သလို ဗိုလ်ချုပ်ရဲ့ ပင်လုံကတိ တည်ရေးဟာ ရုပ်တုထက်ပိုပြီး အရေးကြီးတယ်လို့ ကြွေးကြော်ခြင်းအားဖြင့် ဒေသတွင်း တိုင်းရင်းသားတွေ ရဲ့ အခွင့်အရေးအတွက်အရေးဆိုပြီးသားဖြစ်တာကြောင့် ဒေသခံ နိုင်ငံရေး အင်အားစုများအနေနဲ့ ဒေသတွင်းပြည်သူများရဲ့ အားကိုးယုံကြည်ထောက်ခံခြင်းကိုရရှိနိုင်မယ့် အခွင့်အရေးလည်းဖြစ်ပါတယ် ။

ဒါကြောင့်NLD အစိုးရအနေနဲ့ နိုင်ငံရေး ရာသီဥတု ၊ မြေပြင်အနေအထားတွေကိုကြည့်ပြီး နိုင်ငံရေး ဘေးထွက်ဆိုးကျိုးတွေများနေနိုင်တဲ့ လုပ်ငန်းတွေကို ရှေ့တန်းမတင်မိစေဖို့ ပြန်လည်သုံးသပ်ပြင်ဆင်တာတွေ လုပ်ဖို့လိုပြီလို့ပြောချင်ပါတယ်။

အမှန်တော့ တိုင်းပြည်မှာ ကျေနပ်နှစ်သိမ့်ဖွယ် နိုင်ငံရေး စီးပွာရေး လူမှုရေး အကျိုးစီးပွားဖြစ်ထွန်းမှုတွေရှိနေမယ်ဆိုရင် ဗိုလ်ချုပ်ရုပ်ရှင်ပဲဖြစ်ဖြစ်၊ ဗိုလ်ချုပ်ပုံ ပိုက်ဆံပဲဖြစ်ဖြစ် ၊ ဗိုလ်ချုပ်ရုပ်တုပဲဖြစ်ဖြစ် ပြည်သူအများက စိတ်သဘောမကျစရာ ၊ ကန့်ကွက် ဝေဖန်နေစရာ မရှိဘူးလို့ယူဆပါတယ်။

တိုင်းပြည်မှာ အလေးနက်ထားပြီး စဉ်းစားလုပ်ဆောင်စရာတွေအများအပြားရှိနေပေမယ့် ဒီလို ဗိုလ်ချုပ် အောင်ဆန်းရဲ့ အခန်းကဏ္ဍ ပြန်လည်မွန်းမံတည်ဆောက်ရေးနဲ့ အလုပ်များနေတယ်လို့ ယူဆလာကြမယ်ဆိုရင် မရောင်ရာဆီလူးတယ်လို့ အစိုးရအနေနဲ့အပြောခံရမှာပဲဖြစ်ပါတယ် ။

ထို့ အတူပဲ အကြီးမားဆုံး ပြဿနာကတော့ ဒီလို NLD လို ပါတီကြီး နဲ့ တိုင်းရင်းသားတွေ အကြား နိုင်ငံရေး ပဋိပက္ခတွေကြောင့် ဗမာ လူမျိုး နဲ့တိုင်းရင်းသားတွေအကြား မလိုလားအပ်တဲ့ ပွတ်တိုက်မှုတွေ၊ သံသယသဘောထားတွေ ၊ ရန်လိုပြိုင်ဆိုင်မှုတွေ ဖြစ်ပေါ်လာလိမ့်မယ်လို့ သုံးသပ်ပါတယ်။

ဒါကြောင့် NLD အနေနဲ့ နိုင်ငံရေး ရာသီဥတုအနေအထားတွေ နဲ့ဒေသတွင်း နိုင်ငံရေး အခင်းအကျင်းတွေ ရဲ့ ရည်ရွယ်ချက်တွေ နားလည်သိရှိအောင်လုပ်ပြီး အစဉ်အမြဲ သုံးသပ်နေဖို့လိုပါတယ်။ ဗိုလ်ချုပ်ဟာ ပြည်ထောင်စုသင်္ကေတ လို့ ကိုယ်ကယူဆပေမယ့် တိုင်းရင်းသား ဒေသတွင်းက ပြည်သူတွေရော အတူတူ အဲဒီလို ခံယူကြလားဆိုတာလည်းအမြဲလေ့လာဆန်းစစ်နေဖို့လိုပါတယ် ။

ဒါကြောင့် အခုလို ကယားပြည်နယ် လွိုင်ကော်မြို့က ဗိုလ်ချုပ်ရုပ်တု ကန့်ကွက်ခံရမှုကနေ သင်ခန်းစာယူပြီး နောင်ကိုဒီလို ပြဿနာမျိုး ကြိုတင်ကာကွယ်ရှောင်လွှဲနိုင်ဖို့ NLD အနေနဲ့ စဉ်းစားပြင်ဆင်ကြပါလို့တိုက်တွန်း
လိုက်ရပါတယ်။

Written by သီဟသွေး

Advertisements
<

Leave a Reply