မော်လမြိုင်၊ ဖေဖော်ဝါရီ ၂ ။ ။ ယခုနှစ် ဖေဖော်ဝါ ၁၂ ရက်တွင် ကျရောက်မည့် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ဒုတိယအကြိမ်မြောက် ပိုက်ကျော်ခြင်းပြိုင်ပွဲကို မော်လမြိုင်မြို့ စျေးကြိုရပ်ကွက်ရှိ ပိုက်ကျော်ခြင်း ကလပ်တွင် ပြုလုပ်မည်ဖြစ်ကြောင်း စျေးကြိုပိုက်ကျော်ခြင်းကလပ် ဥက္ကဋ္ဌ ဦးခင်ဇော်က ဟင်္သာမီဒီယာသို့ ပြောသည်။

လူငယ်လူရွယ်များ မူးယစ်ဆေးဝါးနှင့် ကင်းကွာစေရန် စည်းရုံးလုပ်ဆောင်ပြီး အားကစားကို ခုံမင်လိုက်စားရင်း ပိုက်ကျော်ခြင်း အားကစားမှတစ်ဆင့် အပြည်ပြည်ဆိုင်ရာအဆင့်သို့ ဝင်ရောက် ယှဉ်ပြိုင်နိုင်သည့် လက်ရွေးစင် ကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

6-ယခုကျင်းပမည့်ပွဲကို မွန်ပြည်နယ်မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအဖွဲ့ (MANA) နှင့် ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲကို ဖေဖော်ဝါရီ ရ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကာ ပထမဆု ၁၅၀၀၀၀ ကျပ်၊ ဒုတိယဆု ၁၀၀၀၀၀ ကျပ်နှင့် တတိယဆု ၅၀၀၀၀ ကျပ်စီဖြင့် ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

“ကမ္ဘာ့အားကစားလောကမှာ ရေပန်းအစားဆုံးက ဘောလုံးနဲ့ပိုက်ကျော်ခြင်း ဆိုတော့ မွန်ပြည်နယ်မှာရှိတဲ့ လူငယ်တွေကို ဆွဲဆောင်နိုင်မှာဖြစ်တဲ့အပြင် မူးယစ်ဆေးဝါးတွေနဲ့လည်း ကင်းကွာသွားမှာဖြစ်ပါတယ်”ဟု ဦးခင်ဇော်က ပြောသည်။

ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ပိုက်ကျော်ခြင်း ပြိုင်ပွဲကို ၂ဝ၁၄ ခုနှစ်က တစ်ကြိမ်ပြုလုပ်ခဲ့ပြီး ယခု ၂၀၁၆ ခုနှစ်တွင် ဒုတိယအကြိမ်ဖြစ်သည်။

ပြိုင်ပွဲကို မွန်ပြည်နယ်အတွင်းရှိ ပိုက်ကျော်ခြင်းကလပ်ပေါင်း ၂၄ သင်းက ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းနှင့် ပြိုင်ပွဲဝင်အသင်းတစ်သင်းလျှင် မွန်ပြည်နယ်လက်ရွေးစင် တစ်ဦးသာ ပါဝင်ခွင့်ရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

Leave a Reply