မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၂ ။ ။ (၆၉) ကြိမ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့က မွန်ပြည်နယ် မော်လမြိုင်မြို့ တွင် စက်ဘီးစီးပြိုင်ပွဲ ကျင်းပ ပြုလုပ်ခဲ့ကြောင်း အဆိုပါ ပြိုင်ပွဲကို ဦးဆောင်ကျင်းပသူ မော်လမြိုင်စက်ဘီးကလပ်မှ ဦးတင်မောင်ရှိန်က ပြောသည်။

bicycle-copy

အဆိုပါ စက်ဘီးပြိုင်ပွဲသည် ၅၆ မိုင် အကွာအဝေးရှည်လျှားပြီး မော်လမြိုင်မြို့တောင်ပေါ်ရှုခင်းသာ မှစတင်၍ မုဒုံ၊ ချောင်းနှစ်ခွ၊ ကျိုက်မရော ခုနှစ်ခွေတောင်မှ တောင်ပေါ်ရှုခင်းသာသို့ ပြန်လည်ပန်းဝင်ကာ ယှဉ်ပြိုင် ခဲ့ခြင်းဖြစ်သည်။

“အရင်နှစ်တွေကလည်း လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပွဲ စက်ဘီးပြိုင်ပွဲတွေ လုပ်ဖြစ်ပါတယ်၊ ဒီနှစ်တော့ ပြည်ထောင်စုနေ့အထိမ်းအမှတ်အနေနဲ့ ကျင်းပတာပါ၊ ခုပြိုင်ပွဲမှာတော့ မော်လမြိုင်၊ ဘားအံ၊ ထားဝယ် နဲ့ သံဖြူဇရပ် က စက်ဘီးသမားတွေ ပါ၀င်ယှဉ်ပြိုင်ပါတယ်” ဟု ၎င်းက ပြောဆိုသည်။

အဆိုပါ ပြိုင်ပွဲတွင် ပထမဆု တစ်သိန်းခွဲ၊ ဒုတိယဆု တစ်သိန်း၊ တတိယဆု ခုနှစ်သောင်း နှင့် နှစ်သိမ့်ဆု ဆယ်ဆုချီးမြှင့် မည်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောသည်။

“စက်ဘီးပြိုင်ရတာ အရမ်းပင်ပန်းတယ်၊ အလုပ်က တစ်ဖက်နဲ့ ညနေ ၅ နာရီလောက်မှ အသည်းအသန် လေ့ကျင့်ခဲ့ရတယ်၊ ပထမတော့ စက်ဘီးကို ကျန်းမာရေးအတွက် စီးတာပါ၊ ကျွန်တော့် သူငယ်ချင်း တွေရဲ ့အားပေးမှုနဲ့ ပြိုင်ပွဲတွေဝင်ဖြစ်ခဲ့ပါတယ်၊ မော်လမြိုင်မြို့နယ်နဲ့ သံဖြူဇရပ်၊ ကျိုက္ခမီပြိုင်ပွဲ တွေမှာ ပထမဆု ကို လေးကြိမ်ဆက်တိုက် ရရှိခဲ့ပါတယ်” ဟု ယင်း စက်ဘီးပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သူ သံဖြူဇရပ်မြို့နယ်မှ ပြိုင်ပွဲဝင်သူ ကိုချမ်းမင်းနောင်မှ ပြောသည်။

အဆိုပါ စက်ဘီးပြိုင်ပွဲ ကျင်းပရခြင်းမှာ စက်ဘီးအားကစားကိုမြို့နေလူထု ယခုထက်ပိုပြီး စိတ်ဝင်စားလာ အောင်နှင့် မျိုးဆက်သစ် စက်ဘီးအားကစားသမားများ ပေါ်ထွက်လာအောင် ရည်ရွယ်ပြီး ကျင်းပခဲ့ခြင်းဖြစ် ကြောင်း မော်လမြိုင်စက်ဘီးကလပ်မှ သိရသည်။

Leave a Reply