ရန်ကုန်၊ ဇူလိုင် ၂၉ ။ ။ မြန်မာ-တရုတ် နယ်စပ်ဒေသတွင် အခြေစိုက်သော လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ဖြစ်သည့် “ဝ” ပြည်သွေးစည်း ညီညွတ်ရေးပါတီ UWSP/UWSA သည် ပြည်ထောင်စုအတွင်းမှ ခွဲထွက်မည်မဟုတ်ဟု အစိုးရ ထံ ကတိပြုကြောင်း နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကပြောကြားသည်။

wa

ဇူလိုင်လ ၂၉ ရက်နေ့က နေပြည်တော်ကောင်စီနယ်မြေ သင်္ဂဟ ဟိုတယ်တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရအဖွဲ့ နှင့် ဝ၊ မိုင်းလား လက်နက်ကိုင်အဖွဲ့များ တွေ့ဆုံရာတွင် ယင်းသို့ “ဝ” အဖွဲ့က ယင်းသို့ ကတိပြုခြင်းဖြစ်ကြောင်း၎င်းကဆိုသည်။

“မြန်မာနိုင်ငံအတွင်းက ခွဲမထွက်ဘူးဆိုတဲ့ ကတိကဝတ်၊ အာမခံချက်ကို ပြောတယ်” ဟု ဦးဇော်ဌေးကဆိုသည်။

ထို့အပြင် အစိုးရသစ်က ဦးဆောင်ကျင်းပမည့် ၂၁ ရာစုပင်လုံညီလာခံအပေါ်တွင်လည်း ကြီးမားသည့် မျှော်လင့်ချက် ကို ထားရှိသည်ဟု “ဝ”ထိပ်ပိုင်းခေါင်းဆောင်များက ထုတ်ဖော်ပြောဆိုကြောင်း နှစ်ဘက်ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သူ ဦးဇော်ဌေးကရှင်းပြသည်။

“နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပင်လုံစိတ်ဓာတ်နဲ့ ဒီလို စုစည်းတည်ဆောက်မယ့် ပင်လုံညီလာခံကို အများကြီးမျှော်လင့်ထားတယ်လို့ ပြောသွားပါတယ်” ဟု ၎င်းကဆိုသည်။

“ဝ” နှင့် မိုင်းလား လက်နက်ကိုင်အဖွဲ့များသည် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA တွင် လက်မှတ်ရေးထိုးထားခြင်းမရှိသေးသော အဖွဲ့များဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် အစိုးရအဖွဲ့ဝင် ဖြစ်လာပြီးနောက်ပိုင်း ပထမဆုံးအကြိမ်တွေ့ဆုံမှုလည်းဖြစ်သည်။

ယင်းသို့ နှစ်ဘက်တွေ့ဆုံမှုတွင် ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး ပွင့်လင်းမှုရှိစွာ ဆွေးနွေးခဲ့သော်လည်း ၂၁ ရာစုပင်လုံညီလာခံသို့ “ဝ” နှင့် မိုင်းလား လက်နက်ကိုင်အဖွဲ့တို့ တက်ရောက်ရန် ရှိမရှိကိုမူ ညီလာခံ အကြို ပြင်ဆင်ရေးကော်မတီများ နှင့် ထပ်မံ ညှိနှိုင်းရမည်ဖြစ်ကြောင်း ဦးဇော်ဌေးကရှင်းပြသည်။
“ အသေးစိတ် ဆွေးနွေးညှိနှိုင်းမှုတွေကိုတော့ “ဝ” အဖွဲ့၊ မိုင်းလား အဖွဲ့တွေကို သီးခြားစီ တစ်ဖွဲ့ခြင်းစီ ညီလာခံ အကြိုပြင်ဆင်ရေးကော်မတီက တွေ့ဆုံပြီးလုပ်ဆောင်သွားမှာပါ” ဟု ၎င်းကဆိုသည်။

အလားတူ မိုင်ဂျားယန်ဒေသတွင် ပြုလုပ်လျက်ရှိသော တိုင်းရင်းသားလက်နက်ကိုင်များ စုံညီ အစည်းအဝေးတွင်လည်း ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာကလည်း တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် ခွဲထွက်ရေးကို တောင်းဆိုနေခြင်းမဟုတ်ဘဲ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးကိုသာ အဓိကထား ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSA နှင့် မိုင်းလား လက်နက်ကိုင်အဖွဲ့ (NDAA) တို့သည် မြန်မာ-တရုတ် နယ်စပ်ဒေသတွင် အခြေစိုက်သည့် အင်အားကြီး လက်နက်ကိုင်အဖွဲ့များဖြစ်ပြီး ယင်းနှစ်ဖွဲ့အကြားတွင် လည်း မဟာမိတ်ဆက်ဆံရေးကိုတည်ဆောက်ထားသည်။

ထို့အပြင် ယင်းလက်နက်ကိုင်အဖွဲ့များသည် တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA တွင် ပါဝင်လက်မှတ်ရေးထိုးခြင်းမရှိသေးသည့်အပြင် ယခင် အစိုးရလက်ထက်တွင် ကျင်းပခဲ့သော ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံသို့လည်း တက်ရောက်ခဲ့ခြင်းမရှိပေ။

သို့သော်လည်း မိုင်ဂျာယန်ဒေသတွင် ကျင်းပလျက်ရှိသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ စုံညီ အစည်းအဝေးသို့ တက်ရောက်လာသည့် တရုတ် အစိုးရ ၏ အာရှရေးရာ အထူးကိုယ်စားလှယ် Mr. Sun Guoxiang ကမူ မြန်မာနိုင်ငံအတွင်း ငြိမ်း ချမ်းရေးကို လုပ်ကိုင်ဆောင်ရွက်နေသည့် အဖွဲ့အစည်းအားလုံးကို တရုတ်နိုင်ငံက ထောက်ခံကြောင်း ထုတ် ဖော်ပြောဆိုခဲ့သည်။

Photo from Myanmar State Counsellor Office

Leave a Reply