မော်လမြိုင်၊ အောက်တိုဘာ ။ ။ မွန်ပြည်နယ်အတွင်းရှိ မော်လမြိုင်မြို့နယ်မှ ရေးမြို့နယ်အထိ ဆက်သွယ်ထားသော ပြည်ထောင်စုလမ်းကြီးကို ပေ ၁၃၀ တိုးချဲ့ ဖောက်လုပ်ရာတွင် ဖယ်ရှားရမည့် လူနေအိမ်၊ခြံများကို လျော်ကြေးပေးသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး ဦးထွန်းဌေးက ဟင်္သာမီဒီယာသို့ ပြောကြားသည်။

ye

“ကျွန်တော်တို့ အနေနဲ့ အတတ်နိုင်ဆုံးတော့ ရှောင်ပြီး ဖောက်သွားမယ်၊ မြို့ရှောင်လမ်းအတွက် လမ်းအူကြောင်းတွေ ဖောက်လုပ်တဲ့ နေရာတွေမှာ မလွတ်ကင်းလို့ ရှိရင်တော့ လျော်ကြေးပေးသွားမယ်”ဟု ၎င်းက ပြောဆိုသည်။

အဆိုပါ ပြည်ထောင်ဟု လမ်းမကြီးအတွင်းရှိ လူနေအိမ်နှင့် ခြံများအတွက် လျော်ကြေးငွေများကို မြေနေရာ အနေအထား အပေါ် မူတည်ပြီး ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပြီး၊ တန်ဖိုးနှုန်းထားကို ပြည်ထောင်စု ဆောက်လုပ်ရေးဦးစီးဌာနနှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဦးထွန်းဌေးက ပြောသည်။

ထို့အပြင် ပြည်ထောင်စုလမ်းကြီးကို ဆောက်လုပ်ရေးဝန်ကြီးဌာန၏ စီမံချက်ဖြင့် နှစ်နှစ်အတွင်း လုပ်ဆောင်သွားမည်ဖြစ်ရာ ယင်းလုပ်ငန်းကို အာဆီယံအရည်အသွေးမီ ပြည်ထောင်စုလမ်းမကြီး ဖြစ်ပေါ်လာရေးအတွက် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ တာဝန်ယူ ဖောက်လုပ်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် ပြည်ထောင်စုလမ်းမကြီးမှာ နှစ်လမ်းသွား ဖြစ်ရာ လမ်းအကျယ် ပေ ၁ဝဝ ကျော်ရှိနေ၍ ယခု လေးလမ်းသွားလမ်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနက သတ်မှတ်သည့်အတိုင်း လမ်းအကျယ်ကို ပေ၂၃ဝ အထိ တိုးချဲ့ ဖောက်လုပ်မည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

အဆိုပါ ပြည်ထောင်စုလမ်းမကြီး တိုးချဲ့ရေးစီမံချက်အတိုင်း ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဦးစီးဌာနတို့က အစီအစဉ်များ ရေးဆွဲဆောင်ရွက်နေပြီး၊ လက်ရှိတွင် သထုံခရိုင်၌ လမ်းနယ်မြေ သတ်မှတ်ခြင်းနှင့် မြို့ရှောင် လမ်းအူကြောင်းများကို ရှာဖွေလျက်ရှိကြောင်း ၎င်းက ပြောသည်။

Leave a Reply