Advertisements

ထားဝယ် အောက်တိုဘာ

ရန်ကုန်-ထားဝယ်-မြိတ်ပြည်ထောင်စုလမ်းမကြီး၏ အစိတ်အပိုင်းဖြစ်သော ထားဝယ်-သရက်ချောင်းလမ်းပိုင်းတွင် လမ်းချဲ့ထွင်ခြင်းကြောင့် ထိခိုက်မှုရှိသည့် နေအိမ်များအတွက် အစိုးရအနေဖြင့် ပံ့ပိုးကူညီမှုပေးရန် ဒေသခံများဘက်မှ လိုလားဆန္ဒရှိနေကြကြောင်း သိရသည်။

“ဒီလောက်ကိစ္စလောက်တော့ ပံ့ပိုးကူညီသင့်တယ်လို့ မြင် တယ်၊ လူတွေတောင်းဆိုတာက လမ်းမလုပ်ဖို့တောင်းဆို တာမဟုတ်တော့ လတ်တလောဖျက်ရမဲ့အပိုင်းကို ထိုက်သင့်အားလျော်စွာမျိုး ကူညီပေးပါလို့ ပြောတယ်”ဟု သရက်ချောင်းမြို့နယ်ပိန်းတောရွာ ဒေသခံ ဦးလှိုင်တင်က ပြောသည်။

ယခုအချိန်တွင် ထားဝယ်-သရက်ချောင်းလမ်းမအပေါ်ရှိ သရက်နှစ်ခွရွာ၊ ပန်းပြင်ရွာနှင့်သရက်ချောင်းမြို့အဝင်တို့တွင် လမ်းတာဘောင်ချဲ့ခြင်းကို လုပ်ဆောင်လျက်ရှိကြောင်း၊ ယင်း လမ်းပိုင်းတွင် လမ်းချဲ့ထွင်မည်ဆိုပါက လမ်းဧရိယာကျဉ်းစွာဖောက်လုပ်ထားသည့် ရန်တောင်ရွာ၊သင်းကျွန်းရွာနှင့်ပိန်းတောရွာတို့မှလူနေအိမ်များမှာလည်း အထိအခိုက်များနိုင်ကြောင်း ဒေသခံများက ဝေဖန်ပြောဆိုသည်။

ထားဝယ်ခရိုင် လမ်းဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူးဦးနေအောင်ထူးက အဆိုပါလမ်းပိုင်းတွင် ၂၄ပေအကျယ် နိုင်လွန်ကတ္တရာခင်းထားပြီး လမ်းအကျယ်မှာ ပျမ်းမျှပေ၃၀ခန့် ဖောက် လုပ်ထားကြောင်း၊ ယင်းလမ်းအား လမ်းမအလယ်မှ တ ဖက်တချက်ပေ ၃၀မှပေ၄၀အထိ လမ်းအသုံးပြုနိုင်သော ဧရိယာထိ လမ်းတာဘောင်ချဲ့ထွင်သွားမည်ဖြစ်ကြောင်း ပြောသည်။

“ကားတွေဘာတွေတစ်ခုခုဖြစ်လာချိန်ရှောင်နိုင်တိမ်းနိုင် အောင်အတွက်၊ ယာဉ်အန ္တရာယ်ကင်းရှင်းရေးရော၊နောက် ပိုင်းလမ်းချဲ့မယ်ဆိုရင်လည်း အဆင်သင့်ဖြစ်နေအောင် အဲ ဒီလိုရည်ရွယ်ချက်တွေနဲ့လုပ်တယ်”ဟု ၎င်းက ဆိုသည်။

ယင်းသို့လမ်းချဲ့ရာတွင် ထိခိုက်မှုအတွက် ဒေသခံများနှင့် ညှိနှိုင်းပြီးဆောင်ရွက်သွားမည်ဟု ၎င်းကပြောဆိုသည်။ မည်သို့ ဆောင်ရွက်ပေးမည်ကိုမူ အသေးစိတ် ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

ဆောက်လုပ်ရေးဝန်ကြီးဌာနက ထားဝယ်- မြိတ်-ကော့ သောင်း ပြည်ထောင်စုလမ်းမကြီးလမ်းနယ်နမိတ်အဖြစ် ပေ၂၃၀ အကျယ် သတ်မှတ်ထားပြီး ယခင်အစိုးရလက်ထက်မှစတင်၍ လမ်းချဲ့ခြင်းကို လုပ်ဆောင်ခဲ့သည်ဟု သိရသည်။
ယခုနှစ်တွင် လမ်းတာဘောင်ချဲ့ခြင်းကို ထားဝယ်မြို့မှ သရက်ချောင်းမြို့အထိ နိုင်လွန်ကတ္တရာခင်းထားသည့်အပိုင်းကို ဦးစားပေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ကျန်ရှိသော အပိုင်းကိုလည်း တဖြည်းဖြည်းခြင်း ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း လမ်းဦးစီးဌာနထံမှ သိရသည်။

တင့်လွင်

Advertisements
<

Leave a Reply