မော်လမြိုင် ၊ ဖေဖော်ဝါရီ ၉ ။ ။ ပြည်ထောင်စုလွှတ်တော် တွင်ယနေ့ ဖွဲ့စည်းလိုက်သည့် ဥပဒေ ကြမ်းပူးပေါင်းကော်မတီတွင် မွန်ပြည်နယ် မှ လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးပါဝင်ကြောင်း အဆိုပါ ကော်မတီ ထံမှသိရှိရသည်။

အဆိုပါ လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးမှာ မွန်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၂)မှ ဒေါ်နွယ်နွယ်အောင် နှင့် ချောင်းဆုံ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဋ္ဌေးကြွယ်တို့ ဖြစ်ကြောင်း ယင်းကော်မတီ တာဝန်ရှိသူများ ကဆိုသည်။

ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ နှင့် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ တို့ကိုဖေဖော်ဝါရီ လ ငါးရက်နေ့ တွင်ဖွဲ့စည်း ခဲ့ပြီး အဆိုပါ လွှတ်တော် နှစ်ရပ် မှ ဥပဒေကြမ်းကော်မတီများ ပူးပေါင်းကာ ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီကို ဖေဖော်ဝါရီလ ၉ရက်နေ့ တွင် ဖွဲ့စည်းလိုက် ခြင်းဖြစ်သည်။

“လွှတ်တော် နှစ််ရပ်သဘောထားကွဲလွဲတဲ့ ဥပဒေတွေအပေါ်မှာ ဆောင်ရွက်ရမှာဖြစ်ပါတယ်၊နောက်တစ်ခု က ပြည်ထောင်စုအစိုးရ ကနေ ပြည်ထောင်စုလွှတ်တော် ကို တိုက်ရိုက်တင်သွင်းရ တဲ့ အမျိုးသားစီမံကိန်း ဥပဒေ ဘတ်ဂျတ်ဥပဒေ နဲ့အခွန်ကောက် ဆိုင်ရာ ဥပဒေတွေကို လေ့လာသုံးသပ်ပေးရမှာဖြစ်ပါတယ် ”ဟု အဆိုပါ ကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုး က ပြောကြားသည်။

ထို့အပြင် အထူးတာဝန်တစ်ရပ်အနေဖြင့် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စရပ်များကိုလည်း ဥပဒေကြမ်းပူးပေါင်းကော်မတီတွင် စတင် ဆွေးနွေးရမည် ဖြစ်ကြောင်း ၄င်းကပြောသည်။

ယင်းကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ရခိုင်မျိုးသားပါတီ ဗဟိုကော်မတီဝင် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် ဒုတိယ ဥက္ကဋ္ဌ အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီ ဗဟိုကော်မတီဝင် ဦးထွန်းထွန်းဟိန်တို့ အပါအဝင် အဖွဲ့ဝင် (၁၅)ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း ယင်းကော်မတီ ထံမှသိရသည်။

Leave a Reply