Advertisements

ဘားအံ ၊ ဇူလိုင်

ဘားအံမြို့နယ်၊ ဝတ်ကြီး ကျေးရွာအနီး၌ တည်ဆောက်ရန် လျာထားသည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အား
ထုတ်စက်ရုံစီမံကိန်းကို ပြည်ထောင်စုအစိုးရ ခွင့်ပြုချက်ရပါက ၂၀၁၉ တွင် စတင်အကောင်အထည်ဖော်မည်ဟု ကရင်ပြည်နယ်စက်မှုနှင့် လျှပ်စစ် စွမ်းအင်ဝန်ကြီး ဦးစိုးလှိုင်က ဇူလိုင် ၃ရက်က သီရိဘားအံဟိုတယ်တွင် ပြောကြားသည်။

ပြည်နယ်အစိုးရအနေဖြင့် ဒေသဖွံ့ဖြိုးရေးအတွက် ဦးစားပေးအဆင့်အလိုက် ပထမ လျှပ်စစ်မီး၊ ဒုတိယ လမ်းပန်းဆက်သွယ်ရေး၊ တတိယစိုက်ပျိုးရေးဟူ၍ လုပ်ဆောင်လျက်ရှိကြောင်း၊ ပထမ ဦးစားပေးအရ ၅ နှစ်စီမံကိန်းအဖြစ် (၆၆)ကေဗွီလိုင်း နှင့်(၃၃)ကေဗွီလိုင်း သွယ်တန်းနိုင်ရေးအား အစီအစဉ်ဆွဲ လုပ်ဆောင်ခဲ့ကြောင်း၊ ပြည်နယ်နှင့် တိုင်းများတွင် (၃၀) မဂ္ဂါဝပ်အောက်သာ လုပ်ဆောင်ရပြီး (၃၀) မဂ္ဂါဝပ်အထက်ကိုမူပြည်ထောင်စု အစိုးရထံ တင်ပြလုပ်ဆောင်သွားရမည်ဖြစ်ကြောင်း သိရသည်။

ဓာတ်အား ၁၂၈၀ မီဂါဝပ်ထုတ်လုပ်မှု မတိုင်မီ ဘားအံ၊ လှိုင်းဘွဲ၊ သံတောင်၊ ဘောဂလိတို့တွင် ၆၆ ကေဗွီဓာတ်အားထုတ်လုပ်လျက်ရှိကြောင်း၊ အလားတူ ပြည်ထောင်စုအစိုးရခွင့်ပြုချက်နှင့်အညီ မော်လမြိုင်တွင် ၂၀၁၉ /၂၀၂၀ ခုနှစ်တွင် အပြီးတည်ဆောက်မည့်(၂၃၀) ကေဗွီဓာတ်အားပေးစီမံကိန်းမှတစ်ဆင့် မြဝတီ၊ ကော့ကရိတ်၊ ဖာပွန်၊ မြိုင်ကြီးငူတစ်ဖက်ကမ်း ကမမောင်း၊ ကြာအင်းဆိပ်ကြီးအနီး (၁၀) မိုင်ပတ်လည်သို့ လျှပ်စစ်မီးရရှိစေမည်ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးက ဖြည့်စွက်ပြောသည်။

“ မီးမရသေးချိန်မှာ (၆) ရာခိုင်နှုန်းပဲသုံးတယ်၊ မီးရရှိတဲ့အချိန်မှာ (၁၅) ရာခိုင်နှုန်းသုံးချင်လာတယ်။ ဒါကလည်း လူ့သဘာဝပဲ၊ သုံးချင်တာနဲ့ ထုတ်လုပ်မှုနဲ့က မမျှဘူး”ဟု ၎င်းကဆိုသည်။

ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် နည်းပညာအမြောက်အမြားအနက် ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးကို နှစ်သက်၍ ရွေးချယ်ရခြင်းမဟုတ်ဘဲ ဖြစ်နိုင်ခြေရှိသည့် လျှပ်စစ်ဓာတ်အားနှင့်ပေးဆောင်မည့် ဓာတ်အားခနှုန်းထား သက်သာမှုအပေါ်မူတည် ရွေးချယ်ရခြင်း ဖြစ်ကြောင်း ပြည်နယ် အထွေထွေအုပ်ချုပ်ရေး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းထွန်းက ပြည်နယ်အစိုးရ အဖွဲ့ရုံးတွင် ဇူလိုင်လ ၃ရက်က ပြောသည်။

“ကျွန်တော်တို့ အကောင်းများများယူပြီ အဆိုးနည်းနည်းဖြစ် ေအာင်လုပ်ရင်မဖြစ်ဘူးဆိုတာ မရှိပါဘူး” ဟု ၎င်းက ဆိုသည်။

ယင်းစက်ရုံကြောင့် ဖြစ်ပေါ်လာမည့် ဘေးထွက် ဆိုးကျိုးများကိုနံပါတ်(၁) အကောင်အထည်ဖော်မည့် ကုမ္ပဏီ၏ အာမခံချက်နှင့်အတူ နည်းပညာဖြင့်ထိန်းသိမ်းခြင်း၊ နံပါတ်(၂) ဥပဒေဖြင့် ထိန်းကျောင်းခြင်း၊ နံပါတ်(၃) အရ အစိုးရ ဌာနဆိုင်ရာ၊ ပြည်သူများအတွင်းမှ တတ်သိပညာရှင်များ၊ အရပ်ဘက်အဖွဲ့အစည်းများက ထိန်းသိမ်းခြင်းတို့ဖြင့် လုပ်ဆောင်
မည်ဆိုပါက အကောင်းဆုံးရလဒ်တစ်ခုကို ရရှိနိုင်ကြောင်းထည့်သွင်းပြောကြားသည်။

“ဖြစ်လာမယ့် ဆိုးကျိုးကိုကုမ္ပဏီရဲ့ ပညာရှင်တွေက တာဝန်ယူမယ်ဆိုရင် သဘောတူတယ်”ဟု ကရင်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းက ဆိုသည်။

ယင်းစီမံကိန်းနှင့်ပတ်သက်၍ ၂၀၁၇ အောက်တိုဘာလ ၁၄ရက်နေ့က ဝတ်ကြီးကျေးရွာသို့ ဆွေးနွေးညှိနှိုင်းရန် လာရောက်သော အစိုးရအဖွဲ့၌ ပြတ်သားမှုများ၊ သေချာမှုများ မရှိသေးကြောင်း၊ လာရောက်နားထောင်ဆွေးနွေးသူများမှာ မြန်မာဘာသာစကားကို ကောင်းမွန်စွာနားမလည်သဖြင့် အဆင်မပြေဖြစ်ခဲ့ရကြောင်း၊ စီမံကိန်းတာဝန်ရှိသူများက ရှင်းရှင်းလင်းလင်းဖြင့် ထပ်မံတင်ပြဆွေးနွေးသွားမည်ဆိုပါက အဆင်ပြေမည်ကို သိထားကြောင်းဝတ်ကြီးတိုက်ကျောင်း ဆရာတော် အရှင်ကုသလက မိန့်ဆိုသည်။

Written by စောအယ်လ်ဒီ -ကရင်ပြည်နယ်

Advertisements
<

Leave a Reply