မွန်ပြည်နယ် စည်ပင်သာယာရေးကော်မတီကိုဖေဖော်ဝါရီလကအဖွဲ့ဝင်အဟောင်းများဖြင့် စည်ပင်သာယာရေးဥပဒေအတိုင်းဖွဲ့စည်းထားသော်လည်းနှစ်လအတွင်းအသစ်ပြန်လည်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်းမွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးကဟင်္သာမီဒီယာသို့ ပြောသည်။

logo-copy
“အစိုးရအဖွဲ့ကစည်ပင်နဲ့ ပတ်သက်ပြီးဘာမှမလုပ်ရသေးဘူး၊ဒီအတွက် အချိန်တော့ယူဦးမယ်၊ အမှားခံလို့မဖြစ်ဘူး၊ လိုအပ်ရင်ပြင်ဆင်တိုးချဲ့ဖွဲ့စည်းမယ်၊ ဒီအဖွဲ့ကအရမ်းအရေးကြီးတယ်လေ”ဟုဝန်ကြီးချုပ် ဦးမင်းမင်းဦးကဆက်လက်ပြောသည်။

စည်ပင်ကော်မတီဖွဲ့စည်းရာတွင်လူထုအတွင်းသို့နှစ်လအတွင်းကွင်းဆင်းကာသဘောထားများမေးမြန်းသွားမည်ဖြစ်ပြီးလူထုအားလုံးသဘောကျသည့်လူများကော်မတီအတွင်းပါဝင်လာရစေမည်ဟုအာမခံကြောင်းမွန်ပြည်နယ်ဝန်ကြီးချုပ်ဦးမင်းမင်းဦးကထပ်လောင်းပြောဆိုသည်။

အစိုးရအဖွဲ့သည် စည်ပင်သာယာရေးကော်မတီကိုလိုအပ်ပါက ပြန်လည်ဖွဲ့စည်းခြင်း၊ ကော်မတီဦးရေတိုးချဲ့ခြင်း၊ ကော်မတီဝင်အစားထိုးခြင်း ပြုလုပ်ခွင့်ရှိသည်ဟုမွန်ပြည်နယ်စည်ပင်သာယာဥပဒေတွင် ဖော်ပြပါရှိသည်။

ယခုဖွဲ့စည်းထားသည့် စည်ပင်ကော်မတီသည် ယခင်အစိုးရလက်ထက်ကဖွဲ့စည်းပုံအတိုင်းဖွဲ့စည်းထားခြင်းဖြစ်ပြီးမိမိအနေဖြင့် စည်ပင်သာယာရေးဝန်ကြီးအဖြစ်ပါ ပူးတွဲတာဝန်ယူထားခြင်းဖြစ်သည့်အတွက် ဥက္ကဋ္ဌ နေရာကိုတိုက်ရိုက်ထည့်လိုက်ခြင်းဖြစ်ကြောင်းဦးမင်းမင်းဦးကပြောကြားသည်။

မွန်ပြည်နယ် စည်ပင်သာယာကော်မတီကိုအဖွဲ့ဝင် ရှစ်ဦးဖြင့်ဖေဖော်ဝါရီလကဖွဲ့စည်းထားပြီးဖြစ်ရာယခင်အစိုးရလက်ထက် က တာဝန်ယူဆောင်ရွက်ခဲ့သည့် အဖွဲ့ဝင်ဟောင်း ၆ဦး ပါဝင်ကြောင်းမွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်အောင်ကပြောကြားသည်။

အဆိုပါ စည်ပင်သာယာကော်မတီအဖွဲ့ဝင် ရှစ်ဦးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦကဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ အတွင်းရေးမှူး အဖြစ် မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်အောင်၊ အဖွဲ့ဝင်များတွင် ဦးခင်ဝင်း၊ ဦးသန်းရွှေ၊ ဦးဖေစန်း၊ ဦးနေဝင်း၊ ဦးဇော်ဝင်းတို့သည် အဖွဲ့ဝင်အဟောင်းများဖြစ်ပြီးဒေါ်တင်တင်မြင့်တစ်ဦးတည်းသာအဖွဲ့ဝင်အသစ်ဖြစ်ကြောင်းအဆိုပါစည်ပင်သာယာရေးအဖွဲ့ထံမှသိရသည်။

ပြည်နယ်စည်ပင်သာယာရေးကော်မတီကိုပြောင်းလဲဖွဲ့စည်းထားပြီးဖြစ်၍မြို့နယ်စည်ပင်သာယာရေးကော်မတီများကို ပြန်လည်ဖွဲ့စည်းနိုင်ရေးရန်လုပ်ထုံးလုပ်နည်းများထုတ်ပြန်နိုင်ရေးအတွက်မူကြမ်းများရေးဆွဲဆောင်ရွက်လျက်ရှိကြောင်းမွန်ပြည်နယ် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

Leave a Reply