မွန်ပြည်နယ်တွင် ၂၀၁၆ - ၂၀၁၇ ခုနှစ် အတွင်း တရားမဝင် သစ်တန်ချိန်ပေါင်း ၃၀၄ တန်ကျော် ဖမ်းဆီး ရမိခဲ့ပြီး ကျိုက်ထိုမြို့နယ်သည် တရားမဝင်သစ် ဖမ်းဆီး ရမိမှု အများဆုံး ဖြစ်ကာ ၁၆၇ ဖမ်းဆီး ရမိခဲ့သည်။
မွန်ပြည်နယ်တွင် ၂၀၁၆ - ၂၀၁၇ ခုနှစ် အတွင်း တရားမဝင် သစ်တန်ချိန်ပေါင်း ၃၀၄ တန်ကျော် ဖမ်းဆီး ရမိခဲ့ပြီး ကျိုက်ထိုမြို့နယ်သည် တရားမဝင်သစ် ဖမ်းဆီး ရမိမှု အများဆုံး ဖြစ်ကာ ၁၆၇ ဖမ်းဆီး ရမိခဲ့သည်။
မွန်ပြည်နယ်တွင် ၂၀၁၆ – ၂၀၁၇ ခုနှစ် အတွင်း တရားမဝင် သစ်တန်ချိန်ပေါင်း ၃၀၄ တန်ကျော် ဖမ်းဆီး ရမိခဲ့ပြီး ကျိုက်ထိုမြို့နယ်သည် တရားမဝင်သစ် ဖမ်းဆီး ရမိမှု အများဆုံး ဖြစ်ကာ ၁၆၇ ဖမ်းဆီး ရမိခဲ့သည်။

မော်လမြိုင်၊ ဇန်နဝါရီ ၁၂

မွန်ပြည်နယ် အတွင်း ပြီးခဲ့သည့် နှစ်အတွင်း ဖမ်းဆီး ရမိထားသည့် တရားမဝင် သစ်များကို ပြန်လည် ကြိတ်ခွဲကာ ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်း အတွက် လုပ်ဆောင်မည့် သူများကို ရောင်းချ ပေးမည် ဖြစ်ပြီး လာရောက် လျှောက်ထား ဝယ်ယူ နိုင်ကြကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းက ဟင်္သာမီဒီယာသို့ ပြောကြားသည်။

“သစ်ခွဲသား တွေကို ရောင်းရဖို့ ပြည်နယ်မှာ ရှိတဲ့ ပြည်သူ တွေကို ကြော်ငြာ သွားမယ်။ ပြီးတော့ သစ်က ဒီပြည်နယ် မှာပဲ သုံးလို့ ရမယ်။ အခြားတိုင်းနဲ့ ပြည်နယ်ကို သယ်သွားလို့ မရဘူး”ဟု ဒေါက်တာ မင်းကြည်ဝင်းက ရှင်းပြသည်။

ယခင်အစိုးရ လက်ထက်က ဖမ်းဆီး ရမိသည့်သစ်များကို ပြည်ထောင်စု သစ်တော ဦးစီးဌာနသို့သာ ပေးပို့ခဲ့ပြီး ယခုကဲ့သို့ ဒေသခံ များအတွက် ရောင်းချပေးခြင်းမှာ ပထမဆုံး အကြိမ်လည်း ဖြစ်ပြီး ဒေသ ပေါက်ဈေးများထက် ၄၀ ရာခိုင်နှုန်း လျော့၍ ရောင်းချ ပေးမည် ဖြစ်ကြောင်း သိရှိရသည်။

ဝယ်လိုအား များသောကြောင့် သစ်များ မလောက်ခဲ့လျှင်လည်း နီးစပ်ရာ တိုင်းနှင့် ပြည်နယ် များသို့ ပြန်လည် တောင်းခံ၍ ထပ်မံရောင်းချ ပေးမည် ဖြစ်ကြောင်း သိရသည်။

ထိုသစ်များအား တင်ဒါ စနစ်ဖြင့် ရောင်းချ ပေးမည် မဟုတ်ပဲ အမှန်တစ်ကယ် အသုံးပြုရန် လိုအပ်ကြောင်း သက်ဆိုင်ရာများ၏ ထောက်ခံ ချက်များဖြင့် ပြည်နယ် သစ်တော ဦးစီး ဌာန၌ လာရောက် ဝယ်ယူ နိုင်ကြကြောင်း ၎င်းက ပြောသည်။

လက်ရှိ၌ ဘုန်းကြီးကျောင်း စာသင်တိုက် ဆောက်လုပ်ရန် အတွက် သစ်မာ တန်ချိန် (၃၀) နှင့် မွန်ပြည်နယ် ရဲတပ်ဖွဲ့ မှူးရုံးမှ သစ်မာ (၁၆) တန် အခြားသား (၉) တန်တို့အား ဝယ်ယူရန် လာရောက်၍ လျှောက်လွှာ တင်ထားကြောင်း ပြည်နယ် သစ်တော ဦးစီး ဌာန ညွှန်ကြားရေးမှူး ဦးမြင့်သိန်းက ဟင်္သာမီဒီယာသို့ ပြောကြားသည်။

“ရွာက တံတားတွေ ပျက်ရင် ပြုပြင် ချင်တယ် ဆိုရင် လာဝယ်လို့ ရတယ်၊ ဘာသာရေး အဆောက်အအုံတွေ ဆောက်ဖို့ ဝယ်လို့ ရတယ်၊ ကျွှန်တော်တို့ ကော်မရှင် ဖွဲ့ထားတာ ရှိပြီး သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိန်းရေး ဝန်ကြီးက ကော်မရှင် ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ပါတယ်” ဟု ဦးမြင့်သိန်းက ရှင်းပြသည်။

သစ်ခွဲသား များအား အရစ်ကျ စနစ်ဖြင့် ရောင်းချ ပေးမည် ဖြစ်ပြီး ပထမ အရစ်တွင် သစ်တန်ချိန် ၂၀၀ ထက် မပိုပဲ ရောင်းချင် နိုင်ကြောင်း ပြည်ထောင်စု သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးမှ ညွှန်ကြားချက် ပေးထားသည်။

မွန်ပြည်နယ် အတွင်း ၂၀၁၆-၂၀၁၇ ခုနှစ် အတွင်း ဖမ်းဆီး ရမိထားသည့် သစ်တန်ချိန်ပေါင်း ၃၀၄ တန်ရှိပြီး ရောင်းချ၍ မရသည့် ကျွှန်း၊ တမလန်း၊ ပိတောက်နှင့် သင်းဝင်သစ်တို့ကို ဖယ်လိုက်ပါက ရောင်းချနိုင်မည့် သစ်တန်ချိန်ပေါင်း ၁၆၈ တန်ကျော် ရှိကြောင်း ဦးမြင့်သိန်းက ရှင်းပြသည်။

မွန်ပြည်နယ်တွင် ၂၀၁၆ – ၂၀၁၇ ခုနှစ် အတွင်း တရားမဝင် သစ်တန်ချိန်ပေါင်း ၃၀၄ တန်ကျော် ဖမ်းဆီး ရမိခဲ့ပြီး ထိုထဲတွင် ကျွှန်းသစ် ၁၈ တန် ၊ သစ်မာ ၃၅ တန်၊ အခြားသား ၂၅၁ တန် ပါဝင် ခဲ့သည်။ ပြီးခဲ့သည့် ၂၀၁၅-၂၀၁၆ ခုနှစ်တွင်လည်း တရားမဝင် သစ်တန်ချိန်ပေါင်း ၈၉ တန် ဖမ်းဆီး ရမိခဲ့ကာ ထိုထဲတွင် ကျွှန်းသစ် – ၁၀ တန်၊ သစ်မာ – ၈ တန်နှင့် အခြားသား – ၇၁ တန် ပါဝင် ခဲ့သည်။

မွန်ပြည်နယ်ရှိ မြို့နယ် များအနက် ကျိုက်ထိုမြို့နယ်သည် တရားမဝင်သစ် ဖမ်းဆီး ရမိမှု အများဆုံး ဖြစ်ကာ ၂၀၁၆ -၂၀၁၇ ခုနှစ်တွင် တန်ချိန်ပေါင်း ၁၆၇ တန်နှင့် ၂၀၁၅ -၂၀၁၆ ခုနှစ်တွင် တန်ချိန်ပေါင်း ၂၂ တန်ကျော် ဖမ်းဆီး ရမိခဲ့သည်။

အဂ္ဂနန်

Leave a Reply