Advertisements

မော်လမြိုင်၊ နိုဝင်ဘာ ၃၀။

မွန်ပြည်နယ်ထွက် ဆားများမှာ လက်ကျန် နည်းပါးလျက် ရှိသောကြောင့် လက်ရှိတွင် ဆားဈေးနှုန်းမှာ ယခင်နှစ်၏ နှစ်ဆ နီးပါးခန့် ဈေးကောင်း ရနေကြောင်း ပြည်နယ် သတ္တုတွင်း၊ ဆားလုပ်ငန်း ဦးစီးဌာနခွဲ ရုံးမှ ဦးစီးမှူး ဦးခင်စိုးက ပြောကြားသည်။

“ဆားလုပ်ကွက် တွေက အခုမှ တိုးချဲ့ နေတုန်းပဲ ရှိသေးတယ်။ ဆားအသစ်လည်း မထွက်သေးတော့ ကုန်သည်တွေ၊ လုပ်ငန်း ရှင်တွေ သိုလှောင် ထားတဲ့ ဆားလက်ကျန် တွေကလည်း ကုန်သလောက် ဖြစ်နေပြီ ဆိုတော့ ဈေးက နှစ်ဆလောက် တက်လာ တာပေါ့” ဟု ၎င်းက ပြောသည်။

ပွင့်လင်း ရာသီဝင်စ ဖြစ်သည်နှင့် အညီ ငါးပိ၊ ငါးခြောက် ကုန်သည်များ ထံမှလည်း ဆားအဝယ်လိုက် လာကြပြီ ဖြစ်၍ ဆားဈေးကွက် ရောင်းအား တွင်ကျယ် လာကြောင်း ၎င်းက ဖြည့်စွက် ပြောသည်။

ယခင်နှစ်တွင် တစ်ပိဿာချင်း အလိုက် ဆားကြမ်း ၈ဝ ကျပ်၊ ဆားချော ၁၂ဝ ကျပ် ဈေးသာ ရှိနေရာမှ လက်ရှိတွင် ဆားကြမ်း ၁၉ဝ ကျပ်၊ ဆားချောမှာ ၂၂ဝ ကျပ်မှ ၂၃ဝ ကျပ်ထိ ဈေးကွက်အတွင်း၌ ဈေးကောင်း ရနေကြောင်းလည်း ဆားလုပ်ငန်းရှင် များက ပြောသည်။

“လက်ကျန် ဆားတွေ ဂိုထောင်ထဲမှာ သိပ်မရှိ တော့ဘူး၊ နည်းနေပြီ။ ဒီနှစ် ဆားအထွက် စောရင်တော့ ကျွန်တော်တို့ အတွက် ပိုအဆင်ပြေ တာပေါ့။ အခုက ဈေးကလည်း ကောင်းနေပြီဆိုမှ ဆားက ကုန်ဆိုသလို ဖြစ်နေပြီ” ဟု သံဖြူဇရပ်မှ ဆားလုပ်ငန်းရှင် ဦးဇော်လွင်က ပြောသည်။

ယခုနှစ်တွင် မွန်ပြည်နယ်၌ ဆောင်းဦးပေါက်ချိန် အထိပင် မိုးမပြတ် သေးသဖြင့် ဆားကွက် ဖော်ချိန် နောက်ကျ ခဲ့ရကြောင်း ဆားလုပ်ငန်းရှင် များက ဆိုပါသည်။

မွန်ပြည်နယ်ထွက် ဆားများကို ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ မြစ်ကြီးနား၊ ထားဝယ် နှင့် ကော့သောင်း အထိ တင်ပို့ နေရ သောကြောင့် ဈေးကွက် ဝယ်လိုအား အနေဖြင့် အခိုင်အမာ ရှိနေကြောင်း ဦးခင်စိုးက ဆိုပါသည်။

မွန်ပြည်နယ်တွင် ၂၀၁၁ ခုနှစ်၌ ဆားလုပ်ကွက် ဧက ၅၀၀၀ ကျော် ရှိသည့် အနက် ၂၀၁၇ ခုနှစ်တွင် လုပ်ဧက ၂၆၀၀ ကျော်သို့ လျော့ကျ ခဲ့သည်။ ဘီးလင်း ကျေးရွာ၌ လုပ်ကိုင် နေသည့် ဆားလုပ်ကွက် ဧက ၂၀၀ မှာလည်း ယခု နှစ်တွင် လုံးဝ ဖျက်သိမ်း သွားခဲ့ကြောင်း သိရှိရသည်။

မွန်ပြည်နယ်တွင် ဆားလုပ်ကွက် ဧကပေါင်း ၂,၆ဝဝ ကျော် လုပ်ကိုင်လျက် ရှိရာ၌ ပေါင်မြို့နယ်၊ သံဖြူဇရပ်မြို့နယ်၊ ရေးမြို့နယ်၊ ပင ကျေးရွာ၊ ကရုပ္ပိ ကျေးရွာ တို့တွင် အဓိက လုပ်ကိုင်လျက် ရှိသည်။

မွန်ပြည်နယ်ရှိ ဆားလုပ်ကွက် များမှ နေ၍ တနှစ်လျှင် ဆားတန်ချိန် ၂၈၀၀၀ မှ ၃၀၀၀၀ ကြား ထုတ်လုပ်လျက် ရှိနေကြောင်း ပြည်နယ် သတ္တုတွင်း၊ ဆားလုပ်ငန်း ဦးစီးဌာနခွဲ မှတ်တမ်းအရ သိရသည်။

Written by ထိုက်ထိုက်

Advertisements
<

Leave a Reply