Advertisements

မုဒုံ၊ စက်တင်ဘာ ၂၁

မုဒုံမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသိင်္ဂီမော်ကို နုတ်ထွက်ပေးရန် ဒေသခံပြည်သူများက စက်တင်ဘာ ၂၁ ရက် နံနက် ၈ နာရီခွဲက ဆန္ဒထုတ်ဖော်ခဲ့ကြောင်း မှိန်ဂနိမ်းကျေးရွာခံများက ဆိုသည်။

မှိန်ဂနိမ်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကို တာဝန်မှ ရပ်စဲခြင်းအပေါ် မကျေနပ်ခြင်းကြောင့် ဒေါ်မြသိင်္ဂီမော်အား အလိုမရှိကြောင်း ကြွေးကြော်သံများဖြင့် ကျေးရွာနေပြည်သူ ၁၅၀ ဦးခန့် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

“ကိုယ့်ရဲ့ရပ်ရွာမှာ ပြည်သူလူထုတွေက ရွေးချယ်ထားတဲ့ အုပ်ချုပ်ရေးမှူးကို လွှတ်တော်ကိုယ်စားလှယ်က မဟုတ်မမှန်စွပ်စွဲပြီးတော့ ဖြုတ်လိုက်တဲ့အတွက် မကျေနပ်လို့ အခုလိုဆန္ဒထုတ်ဖော်တာ”ဟု မှိန်ဂနိမ်းကျေးရွာမှ ဒေါ်သန်းအေးက ပြောသည်။

တာဝန်မှ ရပ်စဲခံရသည့် မှိန်ဂနိမ်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ကိုမှာ ၎င်းကျေးရွာရှိ မီးရထားပိုင်မြေကို ကိုယ်ကျိုးအတွက် ရောင်းချထားခြင်း၊ ပြဿနာများဖြေရှင်းရာတွင် ဘက်လိုက်မှုရှိခြင်း၊ လာဘ်စားခြင်းစသည့် အချက်အလက်များ စုံစမ်းသိရှိခဲ့ရကြောင်း မုဒုံမြို့နယ်၊ ဒေါ်မြသိင်္ဂီမော်က ပြောကြားခဲ့သည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး မှိန်ဂနိမ်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ကိုသည် CP ကုမ္ပဏီမှ ကျေးရွာ သားများအတွက် ငွေထုတ်ချေးသည့်ကိစ္စတွင် မျှတမှုမရှိကြောင်း၊ မီးရထားပိုင်မြေများကို ရပ်ဝေးမှ လာရောက်အလုပ်လုပ်ကိုင်သူများအား ရောင်းချထားကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြထား ပြီး အရေးယူဆောင်ရွက်မှုမရှိသည့်အတွက်ကြောင့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေးတွင် ဒေါ်သိင်္ဂီမော်က မေးခွန်းမေးမြန်းခဲ့ခြင်းဖြစ်သည်။

ယင်းသို့ မေးမြန်းမှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့၍ စစ်ဆေးခဲ့ရာ ၎င်းကျေးရွာအုပ်ချုပ်ရေးမှူးအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အားနည်းခြင်း၊ ကျေးရွာလူထုနှင့် တွေ့ဆုံပွဲများ အစည်းအဝေးများတွင် ဖိတ်ကြားသင့်သည့် ပုဂ္ဂိုလ်များကို ဖိတ်ကြားမှု၊ ပေါင်းစပ်ညှိနှိုင်းမှုအားနည်းခြင်း၊ အစရှိသည်များကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် မွန်ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ တာဝန်မှရပ်စဲလိုက်ကြောင်း ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက ပြန်လည်ဖြေကြားခဲ့သည်။

“အုပ်ချုပ်ရေးမှူးတာဝန်မှ ရပ်စဲခံရသူ ဦးအောင်ကိုက ကျွန်တော့ကို ဘာပြစ်ချက်မှ ရေးထားတာမရှိဘဲ တာဝန်မှ ရပ်စဲတယ်ဆိုတဲ့ စာကို ဒီလ ၁၂ ရက်နေ့က ပို့လာတယ်၊ အချက်တစ်ခုက အလုပ်အတွင်းမှာ အားနည်းမှု၊ ပျော့ညံ့မှုအချက်တစ်ခုပဲရှိတယ်၊ အခုတာဝန်က ရပ်စဲလိုက်တော့ ကောင်းသွားတာပေါ့၊ အခုလိုအနေထားဖြစ်တော့ သိက္ခာကျဆင်းရတာပေါ့”ဟု ပြောဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့နှင့် နိုင်ငံတော်သမ္မရုံးအထိ တင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်း မှိန်ဂနိမ်းကျေးရွာဒေသခံများက ဆိုသည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုကို ယင်းကျေးရွာအတွင်းနှင့် မော်လမြိုင်မြို့၊ ကမ်းနားလမ်း ရေပေါ်ညဈေးနေရာတွင် ကြွေးကြော်သံများဖြင့် တစ်ရက်အတွင်း နှစ်ကြိမ် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။ ယင်းကျေးရွာတွင် နေထိုင်သူဦးရေ ၆၀၀ ဦးခန့်ရှိကြောင်း သိရသည်။

ခေတ်မင်း

Advertisements
<

Leave a Reply