မော်လမြိုင်၊ စက်တင်ဘာ

မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားရေးရာဝန်ကြီးဦးရွှေမြင့်၏ ဖေ့စ်ဘုတ်လူမှုကွန်ရက်အကောင့်ကိုခိုးယူပြီး ငွေလိမ်လည်ချေးယူမှုများပြုလုပ်မှုဖြစ်ပေါ်ခဲ့ကြောင်း ဦးရွှေမြင့်ကပြောကြားသည်။

သြဂုတ်လ ၃၀ ရက်နေ့ညနေပိုင်းတွင်မွန်ပြည်နယ်ဥပဒေချုပ်က သူတို့ဖုန်းဆက်အကြောင်းကြားလာသောကြောင့်အကောင့်ဟက်ခံရပြီး လိမ်လည်ငွေချေးယူမှုများပြုလုပ်နေသည်ကိုသိရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

“ကက်ဘိနက် အစည်းအဝေးခန်းထဲမဝင်ခင် ၂နာရီက ကြည့်လိုက်သေးတယ် အဲ့အချိန်ဘာမှမဖြစ်သေးဘူး။ ၄ နာရီ အစည်းအဝေးထွက်တဲ့အခါကျတော့ ကျွန်တော်ကို ဥပဒေချုပ်ကပြောတယ်။ ဦးရွှေမြင့် သိပ်ဇရပ်က တစ်ယောက်ကိုသိလား၊ ဒေါ်ခင်ဝိုင်းက လှမ်းပြောနေတယ်၊ ဦးရွှေမြင့် ရဲ့အကောင့်နဲ့ ပိုက်ဆံ ငါးသိန်းချေးနေတယ်“ ဟု ၎င်းကဆိုသည်။

ယင်းသို့ ဖြစ်ပွားခဲ့ခြင်းကြောင့်တရားဥပေကြောင်းအရ ဆောင်ရွက်စရာရှိသည်များ ကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းလည်း ၎င်းကပြောသည်။

“ပြည်နယ်ရဲမင်းကြီးနဲ့လည်းဆုံပါတယ်။ ဦးမြင့်သန်းဝင်းနဲ့ ဆုံပါတယ်။ ဆုံတော့သူတို့ဆီကအကြံဉာဏ်တောင်းခံထားတယ်။ ပြည်နယ်ဆက်သွယ်ရေးညွှန်ကြားရေးမှူးတာဝန်ရှိတဲ့သူကို လှမ်းခေါ်မှာပေါ့ လှမ်းခေါ်ပြီးရင်တော့ ဒါကို ဘယ်လိုဆောင်ရွက်သင့်လဲ အရေးယူသင့်လဲဆိုတာကို တိုင်ပင်ပြီးတော့မှ လိုအပ်တဲ့ အပိုင်းကိုဆက်လုပ်မယ်” ဟု ၎င်းကပြောသည်။

သြဂုတ်လ ၃၀ ရက်နေ့ညနေက Facebook လူမှုကွန်ရက် အကောင့်ဟက်ခံထားရပြီး၊ပြီးခဲ့ သည့် စက်တင်ဘာလ ၁ ရက်နေ့အထိ အကောင့်ခိုးယူ သူကငွေကြေးချေးယူမှုများ လုပ်ဆောင်နေကြောင်းလည်း ၎င်းကထပ်လောင်းရှင်းပြသည်။

ရန်လင်းအောင်

Leave a Reply