မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်မှ MCL ဘိလပ်မြေစက်ရုံလည်ပတ်မှုတွင် ကျောက်မီးသွေးလောင်စာဖြင့် လျှပ်စစ်ဓာတ်အားသုံးစွဲနေရခြင်းအားHFO သို့မဟုတ် ဒီဇယ်နှင့် Gas Duel စနစ်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ် ရောင်းချမှုအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ယူပေးပါကလျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်ရန် ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်းရန်ကုန်အခြေစိုက် Royal Asia Master Development ကုမ္ပဏီမှ ကိုယ်စားလှယ် ဦးကျော်နိုင်ကဟင်္သာမီဒီယာသို့ ပြောကြားသည်။

mcl

“MCL ဘိလပ်မြေစက်ရုံကိုကျောက်မီးသွေးနဲ့မလည်ပတ်ဖို့ လျှပ်စစ်ဓာတ်အားရရှိအောင် အစိုးရအဖွဲ့ကလုပ်ဆောင်ပေးမယ်ဆိုရင် ပြည်သူလူထုအတွက်ရောပြည်နယ်ဖွံ့ဖြိုးရေးအတွက်ပါ များစွာအကျိုးရှိတယ်”ဟုကျိုက်မရောမြို့နယ် မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မင်းအောင်မွန်ကပြောဆိုသည်။

ပြည်နယ်အစိုးရတာဝန်ယူပေးပါကလျှပ်စစ်စက်ရုံတည်ဆောက်ရန်ဒေါ်လာသန်း ၆၀ ခန့်ရင်းနှီးမြှုပ်နှံ၍ခြောက်လအတွင်းစက်ရုံဆောက်လုပ်ပြီး လျှပ်စစ်ဓာတ်အားများပေးဝေနိုင်မည်ဟုမွန်ပြည်နယ်အစိုးရအဖွဲ့ထံတင်ပြထားကြောင်းဦးကျော်နိုင်ကဆိုသည်။

“ကျွန်တော်တို့က နိုင်ငံခြားကုမ္ပဏီဖြစ်တဲ့ ဘိလပ်မြေစက်ရုံနဲ့တော့ စာချုပ်မချုပ်ချင်ဘူး၊ တစ်ချိန်ချိန်မှာသူတို့စက်ရုံကပိတ်လိုက်မယ်၊ လျှပ်စစ်ဓာတ်အားတွေကိုမဝယ်တော့ဘူးဆိုရင် ဘယ်မှာသွားရောင်းရမလဲ၊ ပြည်နယ် အစိုးရကတာဝန်ယူပေးမယ်ဆိုရင်တော့ ကျွန်တော်တို့ကလုပ်ပေးမှာပါ”ဟု ၎င်းက ဆိုသည်။

သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနည်းစေသည့် HFO သို့မဟုတ် ဒီဇယ်နှင့် Gas Duel စနစ်ဖြင့် 50 MW ရှိလျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်နိုင်ရန်ရန်ကုန်အခြေစိုက် Royal Asia Master Developmentကုမ္ပဏီမှကိုယ်စားလှယ်ဦးကျော်နိုင်နှင့် ဘင်္ဂလားဒေ့ရှ်နီုင်ငံအခြေစိုက် United Group of Companies မှ တာဝန်ရှိသူ Mr. Armed HashimMuneeတို့ကမွန်ပြည်နယ်အစိုးရအဖွဲ့ရုံးတွင်အောက်တိုဘာ ၂၆ ရက်ကဝန်ကြီးချုပ်ဦးမင်းမင်းဦးဦးဆောင်သောအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

“MCL ဘိလပ်မြေစက်ရုံကကျောက်မီးသွေးကိုအသုံးပြုပြီး လျှပ်စစ်ဓာတ်အားအသုံးပြုနေရတယ်၊ သူတို့ကိုလျှပ်စစ်ဓာတ်အားမပေးနိုင်လို့ ကျောက်မီးသွေးကိုအသုံးပြုနေတယ်ဆိုတဲ့သဘောပေါ့၊ ခုဒီလျှပ်စစ်စက်ရုံကိုအဲ့ဒီအနားမှာဆောက်လုပ်ခြင်းအားဖြင့် သူတို့လည်းကျောက်မီးသွေးကိုအသုံပြုစရာမလိုတော့ဘူးပေါ့၊ အဲဒီအနားမှာရှိတဲ့ကျေးရွာတွေလည်း လျှပ်စစ်မီးတွေရရှိသွားမှာပေါ့”ဟုမွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးဝင်းနိုင်ဦးကဆိုသည်။

MCL ဘိလပ်မြေစက်ရုံတွင် ကျောက်မီးသွေးအသုံးပြု၍ လျှပ်စစ်ဓာတ်အားလည်ပတ်နေမှုကိုယနေ့အချိန်ထိဒေသခံပြည်သူလူထုများဆန့်ကျင်ကန့်ကွက် သဘောမတူမှုများရှိနေသဖြင့် ၎င်းဘိလပ်မြေစက်ရုံအနီးတွင် ယင်းလျှပ်စစ်ဓာတ်အားပေးစက်ရုံကိုတည်ဆောက်မှုပြုလုပ်ပြီး လျှပ်စစ်ဓာတ်အားကိုရောင်းချပေးသင့်ကြောင်း၎င်းက အကြံပြုပြောဆိုသည်။

Written by – ခေတ်မင်း

Leave a Reply