Advertisements

မော်လမြိုင်၊ အောက်တိုဘာ ၁၈

မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ(NMSP)တို့ တစ်လတစ်ကြိမ်တွေ့ဆုံရန် သဘောတူညီထားပြီးနောက် လာမည့် အောက်တိုဘာလ ၂၃ ရက်တွင် ပြည်နယ်အစိုးရရုံး၌ တွေ့ဆုံသွားမည် ဖြစ်ကြောင်း ပါတီ ဗဟိုအလုပ်အမှုဆောင် နိုင်ဝင်းလှက ပြောကြားသည်။

“ကျွန်တော်တို့ ပါတီနဲ့ ပြည်နယ်အစိုးရ တွေ့ဆုံတုန်းက မကြာခဏတွေ့ဆုံဖို့ သဘောတူခဲ့ကြတာတွေရှိတယ်။ အခုတွေ့တာက အဲဒီအဆက်ပဲ။ ပြည်နယ်အစိုးရက ဖိတ်ကြားထားတယ်။ ဒီလိုတွေ့ဆုံတာက အစိုးရပဲဖြစ်ဖြစ် တပ်မတော်ပဲဖြစ်ဖြစ် ပြဿနာတွေကြီးနေရင် သေးငယ်သွားမယ်။ သေးငယ်တဲ့ပြဿနာတွေက ပျောက်ပျက်သွားမယ်”ဟု နိုင်ဝင်းလှက မှတ်ချက်ပြုသည်။

အဆိုပါတွေ့ဆုံမှုမှာ အကောင်းဘက်ကို ဦးတည်သော ထိတွေ့ဆက်ဆံမှုဖြစ်ပြီး ယခုလိုတွေ့ဆုံမှုများလာပါက ယုံကြည်မှု တည်ဆောက်နိုင်မည့်အပြင် ယင်းတွေ့ဆုံမှု၌ ပြည်နယ်အစိုးရနှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့ဆက်စပ်နေသော လုပ်ငန်းစဉ်များကိုလည်း ရှင်းလင်းတင်ပြဆွေးနွေးကြကြောင်း ၎င်းက ဆိုသည်။

“မကြာခဏ တွေ့ကြတော့ အစိုးရကလည်း ငြိမ်းချမ်းရေးလုပ်ငန်းတွေကို တာဝန်ယူဆောင်ရွက်နေတယ်။ ကျွန်တော်တို့ပါတီကလည်း NCA လမ်းကြောင်းအတိုင်းပါဝင်နိုင်ဖို့အတွက် သူတို့တွေကို အမြဲတမ်း တိုက်တွန်းနေပါတယ်”ဟု နိုင်ဝင်းလှက ပြောသည်။

ယင်းသို့ တစ်လတစ်ကြိမ်တွေ့ဆုံရန် သဘောတူညီမှု ရရှိခဲ့သည့်အပြင် ကြားကာလထဲတွင် မွန်ပြည်သစ်ပါတီအနေဖြင့် လိုအပ်နေသော အကူအညီများအတွက် အချိန်မရွေးတွေ့ဆုံရန် သဘောတူညီမှုရရှိခဲ့ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။

မွန်ပြည်သစ်ပါတီ(NMSP)က မွန်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆန္ဒရှိသကဲ့သို့ အစိုးရအဖွဲ့ အနေဖြင့်လည်း မွန်စာပေနှင့် ယဉ်ကျေးမှုကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှုရရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

မွန်ပြည်သစ်ပါတီအနေဖြင့် ငြိမ်းချမ်းရေးတည်ဆောက်သည့်အပိုင်း၌ ပါဝင်ရန်နှင့် တစ်နိုင်ငံလုံး အပစ် ခတ်ရပ်စဲရေး စာချုပ်(NCA) ကို လက်မှတ်ထိုးရန် မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ (NMSP) တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံက မေတ္တာရပ်ခံခဲ့သည်။

NLD အစိုးရလက်ထက်တွင် မွန်ပြည်သစ်ပါတီ(NMSP) ဝန်ကြီးချုပ် ဦးမင်းမင်းဦး အစိုးရအဖွဲ့တွင် တစ်ကြိမ်၊ ယခုဝန်ကြီးချုပ် ဒေါက်တာအေးဇံ အစိုးရအဖွဲ့နှင့် တစ်ကြိမ်တွေ့ဆုံခဲ့ပြီးဖြစ်သည်။

Written by – ရွှေရိုး

Advertisements
<

Leave a Reply