Advertisements

မော်လမြိုင်၊ အောက်တိုဘာ

မွန်ပြည်နယ်အတွင်းမှ စက်ရုံ၊ အလုပ်ရုံများမှ စွန့်ပစ်ည့် အညစ်အကြေးများကြောင့် လေထု၊ ရေထု၊ မြေထု အပါအဝင် ပတ်ဝန်းကျင်ထိခိုက်မှု နိုဝင်ဘာလတွင် စတင် စစ်ဆေးသွားမည်ဖြစ်ကြောင်း ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းက ပြောသည်။

ပတ်ဝန်းကျင်ထိခိုက်မှုကို စစ်ဆေးရန်အတွက် လိုအပ်သည့် စက်ကိရိယာပစ္စည်းများ ဝယ်ယူရန် တင်ဒါခေါ်ယူထားပြီးဖြစ်ရာ ရရှိလာပါက စီမံချက် ရေးဆွဲပြီး မြေပြင်ကွင်းဆင်း၍ တိုင်းတာစစ်ဆေးသွားမည်ဖြစ်ကြောင်း ၎က ဆိုသည်။

“ပစ္စည်းရလာရင်တော့ ကျွန်တော်တို့ အကုန်လုံးစစ်သွားမယ်။ စက်ရုံ အလုပ်ရုံက အစ ဟိုတယ်တွေ ပါစစ်သွားမယ်။ သူတို့ဆီက စွန့်ပစ်လိုက်တဲ့ အညစ်အကြေးတွေဟာ ကန့်သတ်ထားတဲ့ စံချိန်စံညွှန်းတွေထက် ကျော် မကျော် စနစ်တကျ စစ်ဆေးသွားမယ်”ဟု ၎က ဆိုသည်။

ယင်းသို့ စစ်ဆေးရာတွင် စက်ရုံ၊ အလုပ်ရုံများမှ ထွက်ရှိသည့် အခိုးအငွေ့၊ စွန့်ပစ်ပစ္စည်းများနှင့် မြစ်ရေ ချောင်းရေပြောင်းလဲမှုဖြစ်စဉ်များကို အဓိကထား လုပ်ဆောင်သွားမည့်အပြင် မြစ်ချောင်းတို့၏ ပြောင်းလဲမှုအခြေအနေကို လစဉ် မှတ်တမ်းတင်ထားရှိသွားမည်ဖြစ်ကြောင်း ဒေါက်တာမင်းကြည်ဝင်းက အသေးစိတ်ပြောကြားသည်။

ရေဆိုးရေညစ်များကြောင့် သီးနှံဖွံ့ဖြိုးမှုကို ထိခိုက်သည့် ဒေသများကိုလည်း စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းသို့ လုပ်ဆောင်ရာတွင် ပြောင်းလဲမှုမှတ်တမ်းကို အခြေခံ၍ ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို ထပ်မံ ရေးဆွဲသွားမည်ဖြစ်ကြောင်း၊ စက်ရုံ၊ အလုပ်ရုံများကို စစ်ဆေးရာတွင် သတ်မှတ်ထားသည့် စံချိန်စံညွှန်းထက် ကျော်လွန်ပြီး ပတ်ဝန်းကျင်ထိခိုက်မှု ဖြစ်ပေါ်နေသည်ကို စိစစ်တွေ့ရှိပါက ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ဒီလို လုပ်တာတော့ ကောင်းတဲ့ အစီအစဉ် တစ်ခုပါ။ ဒါပေမဲ့ ပတ်ဝန်းကျင်ထိခိုက်မှုတွေ ဖြစ်ပေါ်နေတဲ့ ကိစ္စရပ်တွေကို ဘယ်လို ထိန်းသိမ်းဆောင်ရွက်သွားမလဲက ပိုပြီး အရေးကြီးမယ်”ဟု မော်လမြိုင်မြို့မှ ဦးကြည်မြင့်က ဆိုသည်။

အဆိုပါ စက်ပစ္စည်းများ ဝယ်ယူရန်အတွက် ပြည်နယ်အစိုးရမှ ဘတ်ဂျက် သိန်း ၈၀၀ ကျော် ကုန်ကျခံ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒေါက်တာ မင်းကြည်ဝင်းက ပြောသည်။

မော်လမြိုင်မြို့၏ လတ်တလောအခြေအနေမှာ ကုလအဖွဲ့အစည်း WHO ၏ ၂၀၁၆ မေလက ပြုစုထုတ်ပြန်ထားသည့် ပတ်ဝန်းကျင်လေထုညစ်ညမ်းမှုဆိုင်ရာ အချက်အလက်ဘဏ်စာရင်းအရ သတ်မှတ်ချက်ထက် ၆ ဆကျော်ပိုမိုညစ်ညမ်းနေပြီး ယင်းမှာ တရုတ်နိုင်ငံ၊ ပေကျင်းမြို့တော်ထက် လေထုညစ်ညမ်းမှု ပိုမိုမြင့်မားနေကြောင်းသိရသည်။

Written by – ဇော်ထိုက်

 

Advertisements
<

Leave a Reply