Advertisements

မော်လမြိုင်၊ နိုဝင်ဘာ ၁၆

မွန်ပြည်နယ် မော်လမြိုင်မြို့၊ ငွေမိုးဟိုတယ်တွင် နိုဝင်ဘာ၂၅ ရက်နေ့ နံနက် ၁၀ နာရီမှ ၁၁ နာရီခွဲထိ “ပြည်နယ်အသစ်တွေ လိုအပ်နေပြီလား” ခေါင်းစဉ်ဖြင့် ဒီဗွီတီ ရုပ်သံသတင်းဌာနမှ DVB debate ပြုလုပ်သွားမည်ဖြစ်ကြောင်း ယင်းသတင်းဌာနမှ သိရသည်။

သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှ ပညာရှင်များ၊ အစိုးရအဖွဲ့နှင့် အရပ်ဖက်အဖွဲ့အစည်းတို့၏ မတူညီသည့် သဘောထား အမြင်များဖြင့် ဆွေးနွေးပွဲ ပြုလုပ်သွားမည် ဖြစ်ကြောင်း အထက်ပါ သတင်းဌာနမှ Contant Producer ကိုသိုက်ဇော်က ပြောသည်။

“ဆွေးနွေးချက်တွေက ရလာတဲ့ ရလာဒ်တွေကို နိုင်ငံတော်တွက် တစ်ဖက်တစ်လှမ်းကနေ အစိုးရအပေါ်မှာလည်း အထောက်အကူပြုအောင် လုပ်ပေးတဲ့ သဘောပါ” ဟု ၎င်းက ပြောဆိုသည်။

လူမျိုးတစ်မျိုး၏ ပြည်နယ်တစ်ပြည်နယ် ဖြစ်သင့်ဖြစ်ထိုက်သည့် ဧရိယာအကျယ်အဝန်း၊ ရပ်တည်နေထိုင်မှု စီးပွားရေး လုပ်ငန်းများ အတည်တကျရှိပြီး ယင်းလူမျိုး၏ ဓလေ့ထုံးတမ်း အစဉ်အလာများကို ပိုမို စောင့်ရှောက်နိုင်ပါက သီးခြား ပြည်နယ်အဖြစ် ပေးသင့်ကြောင်း မွန်ပြည်နယ် သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းက သုံးသပ်ပြောဆိုသည်။

ထို့ပြင် ဒေသန္တရ အုပ်ချုပ်ရေး စနစ်လေ့လာသူ ဦးကြည်ဇော်လွင်က “တိုင်းဒေသကြီးတွေ မထားပဲနဲ့ ပြည်နယ် သက်သက်နဲ့ ဖွဲ့သင့်တယ်၊ ပြည်နယ် သက်သက်ဆိုရင်တော့ နှစ်မျိုးရှိတယ်၊ ကျွန်တော်တို့က နယ်မြေကို အခြေခံတဲ့ ပုံစံနဲ့ ဖွဲ့မလား လူမျိုးကို အခြေခံတဲ့ ပုံစံနဲ့ ဖွဲ့မလား၊ မတူတဲ့ ပုံစံတစ်မျိုးတော့ ထားသင့်တယ်၊ ပြောင်းသင့်လားဆိုတော့ ပြောင်းသင့်နေပြီး ပြောင်းကို ပြောင်းရမှာ” ဟု ဆိုသည်။

ဒါ့အပြင် ယင်းခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် ပြည်နယ်အကြောင်းမှာ နိုင်ငံရေးအရထိပ်သီးတွင် ရှိနေခြင်းကြောင့် အလေးထား ဆွေးနွေးသင့်ပြီး မတူညီသည့် လူမျိူးနွယ်စုတို့၏ သဘောထားများကိုလည်း ကိုယ်ချင်းစာ၍ ဆွေးနွေးသင့်ကြောင်း ၎င်းက ထပ်လောင်းပြောသည်။

Written by – ရင်ငြိမ်းချမ်း

Advertisements
<

Leave a Reply