၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ ဇယား (၂) အရ တိုင်းနှင့် ပြည်နယ် လွှတ်တော်များသည် ကဏ္ဍကြီး ရှစ်ခု ကို ဥပဒေ ပြဋ္ဌာန်းနိုင်သည်။

ထိုကဏ္ဍများတွင် ဘဏ္ဍာရေးနှင့် စီမံကိန်း၊ စီးပွားရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ စွမ်းအင်၊ လျှစ်စစ်၊ သတ္တုနှင့် သစ်တော၊ စက်မှုလက်မှု၊ ပို့ဆောင် ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး၊ လူမှုရေး ၊ စီမံခန့်ခွဲရေး စသည့် ကဏ္ဍများကလည်း ပါဝင်နေ၏။

ယင်းအခြေအနေ၌ မွန်ပြည်နယ် လွှတ်တော်တွင် ဥပဒေ မည်မျှ ပြဋ္ဌာန်းထားသနည်း။ ပြဋ္ဌာန်းထားသော ဥပဒေများကို အမှန်တကယ် ကျင့်သုံးနေပါပြီလော။

စာရင်းများအရ မွန်ပြည်နယ် လွှတ်တော် ပထမအကြိမ်နှင့် ဒုတိယအကြိမ် သက်တမ်းနှစ်ရပ်ပေါင်း ဥပဒေ ၃၆ ခု ပြဋ္ဌာန်းထားသည်။ ထိုအထဲတွင် ပြည်နယ်အစိုးရက စီမံခန့်ခွဲရမည့် ဥပဒေမှာ ၂၂ ခု အထိ ရှိ၏။ မည်မျှ အကောင်အထည် ပေါ်နေပါပြီနည်း။

မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိကတော့ “ပြည်နယ်လွှတ်တော်က အတည်ပြုထားတဲ့ ဥပဒေတွေအပေါ်မှာ အစိုးရအနေနဲ့ အကောင်အထည်ဖော် ကျင့်သုံးတဲ့နေရာမှာတော့ အားနည်းတယ်”ဟု သုံးသပ်ပါသည်။

လွှတ်တော်က အတည်ပြုထားသော စီမံခန့်ခွဲရေး ဥပဒေ ၂၂ ခုတွင် ပြည်နယ်အတွင်း ပုဂ္ဂလိကယာဉ်များ စနစ်တကျ ပြေးဆွဲရေး ဥပဒေ၊ မွန်ပြည်နယ် စည်ပင်သာယာရေး ဥပဒေ၊ ပြည်နယ် ယစ်မျိူးခွန် ဥပဒေ၊ ပြည်နယ် မြေယာခွန် ဥပဒေ၊ ပြည်နယ် ယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေး ဥပဒေများသည် ပြည်သူနှင့် အများဆုံး ထိတွေ့နေသည်။

ယင်းအပြင် ပြည်နယ် ဆားနှင့် ဆားထွက် ပစ္စည်း ဥပဒေ၊ ပြည်နယ် ငါးလုပ်ငန်း ဥပဒေ၊ ပြည်နယ် အိမ်တွင်း စက်မှု လက်မှု လုပ်ငန်းများ ဥပဒေ၊ ပြည်နယ် အပန်းဖြေစခန်းများ၊ တိရစ္ဆာန် ဥယျာဉ်နှင့် ရုက္ခဗေဒ ဥယျာဉ် ဥပဒေ၊ ပြည်နယ် အလတ်စားနှင့် အသေးစား လျှပ်စစ် ဓာတ်အား ထုတ်လုပ် ဖြန့််ဖြူးရေး ဆိုင်ရာ ဥပဒေ မှာလည်း စီမံခန့်ခွဲရေး ဥပဒေများပင်။

မွန်ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးကတော့ “ဥပဒေတချို့ကျတော့ တော်တော်လေးခရီးရောက်တာတော့ရှိတယ် တချို့ကျတော့လည်း ဘာမှသိပ်ရေရေရာရာ အကောင်အထည်ဖော်နိုင်စွမ်းမရှိတာကိုလည်း တွေ့ရတယ်”ဟု သုံးသပ်၏။

အတည်ပြုထားသော ဥပဒေများတွင် အစိုးရ အမှန်တကယ် ကျင့်သုံးနေသည့် ဥပဒေမှာ ငါး ခုပင် မပြည့်ဟု ၎င်းက ဆက်ပြောပါသည်။

ပြည်နယ် ငါးလုပ်ငန်း ဥပဒေ၊ ပုဂ္ဂလိက ယာဉ်များ ပြေးဆွဲရေး ဥပဒေ ၊ ဆားနှင့် ဆားထွက် ပစ္စည်း ဥပဒေ တို့သာ အားကောင်းကောင်းနှင့် လုပ်ဆောင်နေသည်ဟု ဒေါက်တာ အောင်နိုင်ဦးက ထောက်ပြခြင်းဖြစ်၏။

အခြားသောဥပဒေများအနက် ကျင့်သုံးမှုအားနည်းသော စာရင်းတွင် ၂၀၁၃၊ ၂၀၁၅၊ ၂၀၁၇ တို့တွင် အကြိမ်ကြိမ်ပြန်ပြင်ကာ မြို့ရွာ ဖွံ့ဖြိုးရေးအတွက် ရေးဆွဲထားသော ပြည်နယ် စည်ပင်သာယာရေး ဥပဒေမှာမူ ဥပဒေပါပြည်သူ့အခွင့်အရေး ဖြစ်သည့် ကော်မတီအဆင့်ဆင့် ရွေးချယ်ခွင့်ရရန်ပင် အစိုးရအဖွဲ့က အကောင်အထည်မဖော်သေး။

“ကျွန်တော်တို့ ဘာကြောင့် စည်ပင်ကော်မတီကို မရွေးချယ်ရသေးလဲဆိုရင် စည်ပင်ကော်မတီက ဟိုတုန်းကလို သီးခြားရန်ပုံငွေ ထူထောင် ခွင့်မရှိတော့ဘူး၊ ထောက်ပံ့ ငွေနဲ့ သွားရမယ့် စနစ်ဖြစ်နေလို့ ရန်ပုံငွေအတွက် ပြန်လည် စိစစ်မှုတွေ လုပ်နေတယ်”ဟူ၍တော့ မွန်ပြည်နယ် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေး ဝန်ကြီး ဦးမင်းကျော်လွင်က ဇူလိုင် ၁၀ ရက်က ပြုလုပ်သော အစိုးရအဖွဲ့၏ ဒုတိယ နှစ် တစ်နှစ်တာ ရှင်းလင်းပွဲတွင် ပြောဆိုထား၏။

ထိုအခြေအနေကို မွန်ပြည်နယ်ဥပဒေပြုလွှတ်တော်၏ တိုင်ကြားစာ ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်သူကမူ “ဥပဒေကို ချက်ချင်းအကောင်အထည်ဖော်ဖို့ ခက်ခဲတယ်ဆိုတာကတော့ တကယ်မလုပ်သေးလို့ ခက်နေတာပဲရှိမယ် ဘယ်ကိစ္စပဲဖြစ်ဖြစ် အဖြေရှာပြီး လုပ်ရမယ်”ဟု မှတ်ချက်ပြုထား၏။

ထို့အတူ ပြည်သူများနှင့် သက်ဆိုင်မှု အများဆုံးရှိနေသော ပြည်နယ် ယစ်မျိုးခွန် ဥပဒေနှင့် မြေယာခွန် ဥပဒေမှာလည်း ပြည်ထောင်စုက ပြဋ္ဌာန်းထားသော ဥပဒေအတိုင်း ဆောင်ရွက်နေသည့် အခြေအနေတွင် ရှိနေသေးသည်ဟု ဒေါက်တာ အောင်နိုင်ဦးက ပြောသည်။

ထို့ကြောင့် ပြည်ထောင်စုနှင့် ငြိစွန်းနေသည့် အပိုင်းများကို ညှိနှိုင်း ဖြေရှင်းရန် လိုအပ်ကြောင်း ၎င်းက အကြံပြု ပြောဆိုသည်။

ထိုကဲ့သို့ ဖြစ်ပေါ်နေမှုကို မည်သို့ဆောင်ရွက်နေသည်ကို သိရှိနိုင်ရန် မွန်ပြည်နယ် ဘဏ္ဍာရေး၊ စီမံကိန်း၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီး ဦးဝဏ္ဏကျော်ထံ ဟင်္သာမီဒီယာက သြဂုတ် ၁၃ ရက်မှစ၍ ၁၆ ရက်အထိ နေ့စဉ် သွားရောက်ပြီး တွေ့ဆုံမေးမြန်းနိုင်ရေး စုစုပေါင်း ငါးကြိမ်ကြိုးပမ်းခဲ့သော်လည်း မအားလပ်ကြောင်းအဖြေသာရရှိခဲ့၏။

ယင်းအပြင် ပြည်နယ်၏ အလတ်စားနှင့် အသေးစား ပုဂ္ဂလိကလျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရေးဆိုင်ရာဥပဒေနှင့် အိမ်တွင်း စက်မှုလက်မှု လုပ်ငန်း ဥပဒေတို့အား အကောင် အထည်ဖော်မှုနှင့်စပ်လျဉ်း၍သိရှိနိုင်ရန်မှာလည်း ဦးဝဏ္ဏကျော်နှင့်တွေ့ခွင့်မရ၍အဆင်မပြေသေး။ ၎င်းသည် မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးတာဝန်ကိုပါ ပူးတွဲထမ်းဆောင်နေသူဖြစ်ခြင်းကြောင့်ပင်။

ဒေါက်တာအောင်နိုင်ဦးကမူ အဆိုပါဥပဒေအရ ကော်မတီထံ တင်ပြ၍ လုပ်ရမည့် ကိစ္စရပ်များကို လုပ်ဆောင်ခြင်း မရှိကြောင်းထောက်ပြထား၏။

ထို့အတူ အပန်းဖြေစခန်းများ၊ တိရစ္ဆာန် ဥယျာဉ်နှင့် ရုက္ခဗေဒ ဥယျာဉ် ဥပဒေနှင့် ကျေးရွာ ထင်းစိုက်ခင်း ဥပဒေစသည်လည်း ရေရာစွာအကောင်အထည်မပေါ်သေးဟု ၎င်းထံမှသိရသဖြင့် မွန်ပြည်နယ် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းထံ မေးမြန်းရာ “အပန်းဖြေစခန်းဥပဒေနဲ့ ပတ်သက်လို့တော့ ဥပဒေအတိုင်း ဆောင်ရွက်နေတယ်”ဟူသောမှတ်ချက်ရရှိသည်။

ယင်းသို့ အတည်ပြုထားသော ဥပဒေများအသက်ဝင်ရေးအတွက်ပထမ ခြောက်လအတွင်း အသိပေး လုပ်ငန်း ဆောင်ရွက်ခြင်း၊ ယင်းအချိန်ကျော်လွန်ပြီးနောက် မလိုက်နာပါက သတိပေးခြင်း၊ တစ်နှစ်ကျော်သည် အထိ ဥပဒေနှင့်အညီဆောင်ရွက်ခြင်းမရှိသေးပါက အရေးယူခြင်းတို့အပြင် လိုအပ်သော ဝန်ထမ်းခန့်ထားခြင်း၊ လိုအပ်သော လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းနှင့် အမိန့်ညွှန်ကြားချက်များထုတ်ပြန်ခြင်း စသဖြင့် တို့ကို အစိုးရက ဆောင်ရွက် ရမည်လည်းဖြစ်၏။
လက်ရှိအခြေအနေအရပ်ရပ်နှင့် စပ်လျဉ်း၍ ဒေါက်တာအောင်နိုင်ဦး၏ မှတ်ချက်ကတော့ ယခုလိုပင် “ဒီမိုကရက်တစ် တန်ဖိုးအတွက် ချမှတ်ထားတဲ့ ဥပဒေတွေကို များများ အကောင်အထည်ဖော်နိုင်ဖို့လိုတယ်”ဟူ၍။

ဟိန်းထက်

Leave a Reply