Advertisements

မော်လမြိုင်၊ နိုဝင်ဘာ ၂၇

လာမည့် မွန်ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် ပြည်နယ် တရားသူကြီး တစ်ဦး နှင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် တစ်ဦးတို့ကို အစားထိုး ခန့်အပ် ပြောင်းလဲသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက ဟင်္သာမီဒီယာသို့ ပြောကြားသည်။

၎င်းတို့ နှစ်ဦးကို ဒီဇင်ဘာ ၄ ရက်တွင် စတင်ကျင်းပမည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်၊ အဌမ ပုံမှန် အစည်းအဝေး၌ အစားထိုး ခန့်အပ်မည်ဖြစ်ကြောင်း၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်မှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောင်းလဲခန့်အပ်ရန် အကြောင်းကြားလာခြင်းကြောင့် လုပ်ဆောင်ခြင်းဖြစ်ပြီး၊ ပြည်နယ်တရားသူကြီးမှာ သက်ပြည့်ပင်စင်ဖြင့် တာဝန်မှ အနားယူသွားသည့်အတွက် အခြားတစ်ဦး အစားထိုး ခန့်အပ်ရန် လွှတ်တော်က အတည်ပြုပေးမည်ဖြစ်ကြောင်း ဒေါ်တင်အိက ပြောသည်။

“ဘယ်သူတွေ အပြောင်းအလဲ ဖြစ်တာကိုတော့ မပြောသေးဘူး။ လွှတ်တော်အစည်းအဝေးရောက်မှ ပြောမယ်”ဟု ဥက္ကဋ္ဌက ဆိုသည်။

ထိုအစည်းအဝေးတွင် မေးခွန်းပေါင်း ၄၀ နှင့် အဆို သုံး ခု တင်သွင်း မေးမြန်းသွားမည်ဖြစ်ပြီး ယင်းနှင့်ပတ်သက်၍ နိုဝင်ဘာ ၂၄ ရက်ကတည်းက ပြည်နယ်အစိုးရအဖွဲ့သို့ အကြောင်းကြားထားပြီဖြစ်သည်။

ယင်းအပြင် တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာနှင့် အထွေထွေ ကိစ္စရပ်များ လေ့လာ သုံးသပ်ရေး ကော်မတီအပါအဝင် ကော်မတီ သုံး ရပ်မှ အစီရင်ခံစာများကိုလည်း တင်သွင်းမည်ဖြစ်ပြီး တဆက်တည်းတွင် စာရင်းစစ်ချုပ် အစီရင်ခံစာကိုလည်း တင်သွင်းမည်ဖြစ်သည်။

ဥပဒေကြမ်းအဖြစ် မွန်ပြည်နယ်အတွင်း၌ တည်ဆောက်နေသော မြို့ပြစီမံကိန်းများကို အထောက်အကူ ပြုနိုင်ရန်အတွက် ပြည်နယ် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းမည်ဖြစ်သည်။

“တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ပြောင်းလဲတာတော့ လွှတ်တော်အတွက် ဘာမှမဖြစ်သွားဘူး။ ထိခိုက်မှုလည်း မရှိဘူး”ဟု မွန်ပြည်နယ် လွှတ်တော်၊ ဥပဒေပြုရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လဲ့က ဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလက ကျင်းပထားသည့် ဒုတိယ အကြိမ် မွန်ပြည်နယ် လွှတ်တော်၊ သတ္တမပုံမှန်အစည်းအဝေးတွင် မေးခွန်း ၄၃ ခုနှင့် အဆို လေး ခု တင်သွင်း မေးမြန်းခဲ့သည်။ အဆို လေး ခုအနက် နှစ်ခုကို လွှတ်တော်က အတည်ပြုနိုင်ခဲ့သည်။

Written by – ဇော်ထိုက်

Advertisements
<

Leave a Reply