Advertisements

မော်လမြိုင်၊ သြဂုတ်

လိုအပ်ချက်များ ရှိနေသဖြင့် ပြည်နယ် ပုဂ္ဂလိကယာဉ်လိုင်းများ စနစ်တကျပြေးဆွဲရေး ဥပဒေအား ပြန်လည် ပြင်ဆင်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက ဟင်္သာမီဒီယာသို့ ပြောဆိုသည်။

ဥပဒေ၏ အာနည်းချက်များအတွက် လက်ရှိ ကျင့်သုံးနေသော ၁၀ မြို့နယ်မှ ယာဉ်လုပ်ငန်းများ ထိန်းသိမ်း ကြီးကြပ်ရေး ကော်မတီ (ယထက) များမှ အကြံပြုချက်များ ပေးပို့ရန် ညွှန်ကြားထားကြောင်း ၎င်းက ပြောသည်။

“ယာဉ်တွေ ယာဉ်လုပ်သားတွေနဲ့ ခရီးသွားပြည်သူတွေက ဒီဥပဒေကို ကျင့်သုံးတဲ့နေရာမှာ ဘယ်လိုအဆင်ပြေလဲ ဘယ်လိုအဆင်မပြေဘူးလဲ စသဖြင့် အားနည်းချက် အားသာချက်တွေကို သိလိုတဲ့အတွက် ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါ အကြံပြုချက်များကို ယထက ကော်မတီများအနေဖြင့် သြဂုတ် ၂၄ ရက် နောက်ဆုံးထား၍ လွှတ်တော်သို့ ပေးပို့ရန် ညွှန်ကြားထားကြောင်း ဒေါ်တင်အိက ပြောဆိုသည်။

ထိုကဲ့သို့ လွှတ်တော်သို့ တင်ပြရာတွင်လည်း ဥပဒေအရ ငွေကြေးသုံးစွဲမှုနှင့် ပတ်သက်သော ကိစ္စရပ်များကို တင်ပြပေးကြရန် တိုက်တွန်းကြောင်း ၎င်းက ပြောသည်။

မွန်ပြည်နယ် ပုဂ္ဂလိက ယာဉ်လိုင်းများ စနစ်တကျပြေးဆွဲရေးဥပဒေကို ၂၀၁၂ ခုနှစ်က မွန်ပြည်နယ်လွှတ်တော်တွင် အတည်ပြု ပြဌာန်းခဲ့ခြင်း ဖြစ်သည်။

ဥပဒေ ပြန်လည် ပြင်ဆင်နိုင်ရန်အတွက် ဇူလိုင် ၃၀ ရက်က လွှတ်တော်တွင် ပြည်နယ်ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီနှင့်လည်း တွေ့ဆုံထားသည်။

သက်ပိုင်

Advertisements
<

Leave a Reply