မော်လမြိုင် အောက်တိုဘာ

ရာမညမွန်ရှေ့နေများကွန်ရက်ကဦးဆောင်၍ ပြည်နယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲခြင်း သင်တန်းကို အောက်တိုဘာလ ၂၀ ရက်နေ့က မော်လမြိုင်မြို့ ဓါတုမာလာကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်သည့်အခါ ပြည်ထောင်စုတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေရှိလာမည့်နည်းတူ ပြည်နယ်များတွင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေရှိရမည်ဖြစ်ပြီး
ပြည်နယ်အဆင့် ဖွဲ့စည်းပုံ ရေးဆွဲရာတွင် ဥပဒေသမားများ ပါဝင်ကူညီရန်လိုအပ်သောကြောင့် သင်တန်းပို့ချခြင်းဖြစ်သည်ဟု ကွန်ရက်တာဝန်ခံနိုင်ဝင်းကြည်ကပြောသည်။

“အဲလိုရှိလာတဲ့အခါ ဘယ်လိုဖွဲ့စည်းပုံအခြေခံဥပဒေဆွဲကြမလဲ။ ဆွဲတဲ့နေရာမှာ တစ်ထောင့်တစ်နေရာကနေ ဘာတွေပါဝင်ရမလဲဆိုတာ အသိပညာရစေချင်တာ။ ဒီအလုပ်က မဖြစ်မနေလုပ်ရမယ့် အလုပ်ပါ” ဟု ၎င်းကဆိုသည်။

ရာမညလူ့အခွင့်အရေးဖောင်ဒေးရှင်း အမှုဆောင်ဒါရိုက်တာ နိုင်ကစမွန်က တက်ရောက်လာသော ရှေ့နေနှင့် ဥပဒေကျောင်းသား ၅၀ ခန့်အား အဆိုပါဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း ဆွေးနွေးပို့ချခဲ့သည်။

“အနာဂတ်ဖယ်ဒရယ်ပြည်ထောင်စုသွားတဲ့အခါမှာ ပြည်နယ်အလိုက် ဖွဲ့စည်းပုံတွေရှိရမယ်ဆိုတာ ကျွန်တော်တို့သိတယ်။ ဒါကြောင့် ဒီနေ့ ရှေ့နေများကွန်ရက်နှင့်တွေ့ပြီးတော့ ဖွဲ့စည်းပုံကို မိတ်ဆက်ပေးတာ ဖြစ်ပါတယ်” ဟု နိုင်ကစမွန်ကဆိုသည်။

၂၁ ရာစုပင်လုံညီလာခံမှ ဖယ်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံရေးဆွဲရေး သဘောတူညီချက်ရလျှင် ပြည်နယ်အဆင့် ဖွဲ့စည်းပုံကို စတင်ဆွေးနွေးမည်ဖြစ်ပြီး ပြည်သူများထံ ချပြသွားမည်ဟု ၎င်းကဆက်ပြောသည်။

“ဖယ်ဒရယ်ဖွဲ့စည်းပုံအရ ပြည်နယ်အသီးသီးမှာ ကိုယ်ပိုင်လွတ်လပ်စွာ အုပ်ချုပ်ပိုင်ခွင့်၊ တရားစီရင်ပိုင်ခွင့်၊ ဥပဒေပြုခွင့်အာဏာတွေ ရလာမှာဖြစ်ပါတယ်။ အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးတွေကို ပြည်နယ်သားတွေက တိုက်ရိုက်ရွေးချယ်ပိုင်ခွင့် ရှိလာမယ်။ ဆိုတော့ ခုလက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံနှင့် တော်တော်လေးကို ကွာခြားမယ်” ဟု ၎င်းကဆိုသည်။

မွန်ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေကို နိုင်ငံတကာပညာရှင်များ အကူအညီဖြင့် မွန်ပြည်သစ်ပါတီ၊ ပြည်ပရှိမွန်လူမျိုးများနှင့် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့က ၂၀၀၃ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ ၅ နှစ်ကြာ ရေးဆွဲထားသည်။အဆိုပါ ဖွဲ့စည်းပုံတွင် အခန်းပေါင်း ၁၄ ခန်း၊ ပုဒ်မ ၁၂၁ ခု ပါဝင်သည်။

စန္ဒာဉာဏ်

Leave a Reply