မကြာသေးမီအချိန်ကာလတွင် ပြည်ထဲရေး လက်အောက်ရှိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့၊ အကျဉ်းဦးစီးဌာန နှင့် အထူးစုံစမ်းစစ် ဆေးရေး တပ်ဖွဲ့များကို ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ တိုက်ရိုက် ကွပ်ကဲနိုင်ရန်အတွက် ပြည်ထဲရေးဝန်ကြီးဌာနက သက်ဆိုင်ရာ အစိုးရ အဖွဲ့ကို စာပို့အကြောင်းကြား ထုတ်ပြန်ချက်များထွက်ပေါ် ခဲ့သည်။

htway ote

၂၁ရာစု ပင်လုံညီလာခံ မစ မီ ယင်း ကဲ့သို့ ထုတ်ပြန်မှု များ သည် ပြည်နယ် များ အတွက် ဖြေလျော့မှု စတင် ခြင်းပထမ ခြေလှမ်း လည်း ဖြစ်သည်။
ပြည်ထဲရေး ဝန်ကြီးဋ္ဌာန လက်အောက် မီးသတ်ဦးစီးဋ္ဌာန၊ အကျဉ်းဦးစီးဋ္ဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဋ္ဌာန၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဋ္ဌာန တို့ကို မွန်ပြည်နယ် အစိုးရအဖွဲ့၏ တိုက်ရိုက် ထိန်းချုပ် ကွပ်ကဲအမိန့် ပေး နိုင်တော့မည်။

ပြည်ထဲရေးဌာနလက်အောက်ရှိ ဌာနဆိုင်ရာများ သည် ပြည်သူလူထု နှင့် ထိတွေ့မှုအများဆုံးဖြစ်သည့် ဌာနဆိုင်ရာများကို ပြည်သူလူထုက ရွေးကောက်တင်မြောက်ထားသည့် အရပ်သားအစိုးရ ကြီးကြပ်ကွပ်ကဲ နိုင်ခွင့်ရ ရှိနိုင်မည်ဖြစ်သည်။

အဆိုပါ ဌာနများကို မွန်ပြည်နယ် အစိုးရ ကွပ်ကဲ ရတော့မည် ဖြစ်သဖြင့် ကောင်းကျိုးများစွာရှိသကဲ့သို့ အခက် အခဲ နှင့် စိန်ခေါ်မှုများလည်း ရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်များကဆိုသည်။

အုပ်ချုပ်မှု စနစ် ပြောင်းလဲခြင်းသည် ပြည်နယ်အစိုးရ၏ လုပ်ပိုင်ခွင့် ပိုမိုရရှိလာတော့မည်ဖြစ်သဖြင့် ပြည်သူ တို့လိုအပ်ချက်တွေကို ဖြေရှင်း အကောင်အထည်ဖော်နိ်ုင်မည်ကို ပြည်သူလူထုက မျှော်လင့် နေကြသည်။

“ပြည်နယ်ထွေအုပ်တွေ အားလုံးဟာ ပြည်နယ်ဝန်ကြီးချုပ်ရဲ့အောက်ကို ရောက်သွားရမယ်။ ပြည်နယ် ဝန်ကြီးချုပ်ကပဲ အုပ်ချုပ်ရမယ်။ အမိန့်က အဲဒီကပဲသွားရမယ်၊ ဗဟိုအစိုးရက မသွားတော့ဘူး။”ဟု ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းကဆိုသည်။

၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံအရ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် သက်ဆိုင်ရာ ပြည်နယ် အစိုးရအဖွဲ့၏ အတွင်းရေးမှူးဖြစ်ပြီး အစိုးရအဖွဲ့ရုံးသည် အထွေထွေအုပ်ချုပ်ရေးမှူးရုံး ဖြစ်ကြောင်းပါရှိသည်။

ထိုသို့ ဖော်ပြထားသည့်အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ဗဟိုက ချုပ်ကိုင်ထားခြင်း မဟုတ်ဘဲ ပြည်နယ်အစိုးရကသာ စီမံကွပ်ကဲခွင့်ရှိသည့် သဘောသက်ရောက်နေကြောင်း ဦးရဲထွန်းကဆိုသည်။

“အဲ့တော့ ဖွဲ့စည်းပုံနဲ့အညီ ၂၀၁ဝရွေးကောက်ပွဲပြီးတဲ့အခါမှာ ဦးသိန်းစိန် အစိုးရက အကောင်အထည်ဖော်ရမှာ၊ မဖော်ဘဲနဲ့ပြည်ထဲရေးဝန်ကြီးဌာန တစ်နည်းအားဖြင့်တပ်မတော်ကာကွယ်ရေးကစေလွှတ်ထားတဲ့ဝန်ကြီးတစ် ယောက်ရဲ့ အုပ်ချုပ်မှုအောက်မှာပဲ ဆက်ရှိနေတဲ့သဘောဖြစ်နေတယ်၊”ဟု ဆိုသည်။
ယခုအခါ ပြည်နယ် အစိုးရအဖွဲ့သို့ ပြောင်းလဲလိုက်ခြင်းသည် ၂၀ဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီ ကြောင်း ထောက်ပြသည်။

ဝန်ကြီးချုပ်အနေဖြင့် ကိုယ့်ဒေသကိုယ် စီမံခန့်ခွဲ အုပ်ချုပ်ပိုင်ခွင့် ပိုရရှိ သွားသကဲ့သို့ တစ်ဖက်တွင်လည်း ဗဟို ပြည်ထောင်စုအစိုးရ လုပ်ပိုင်ခွင့် နှင့် ဝန်ထုပ်ဝန်ပိုးများ ပေါ့လျော့သွား ကြောင်း နိုင်ငံရေး သမား များက ထောက်ပြ ပြောဆိုကြသည်။

မွန်ပြည်နယ် အစိုးရသည် ကိုယ့်ပြည်နယ် ကိုယ် အုပ်ချုပ်ပိုင်ခွင့် ရှိသည့် အနေအထားမျိုး ဖြစ်ပေါ်လာသည့် အတွက် ဖက်ဒရယ်စနစ်၏ ရှေ့ပြေးပုံသဏ္ဍာန်တစ်ခု အဖြစ် ပုံရိပ်ပြလာခြင်းဖြစ်သည်။

“လောလောဆယ်အရပ်စကားနဲ့ပြောရင်အရပ်ဘက်အစိုးရအောက်မှာထားလိုက်တယ်၊ အဲ့လိုမျိုးထား မယ်ဆိုလည်း ဘယ်လိုပုံစံမျိုးနဲ့ ဒီထက်ရှင်းလင်းပြတ်သားတဲ့စနစ်တစ်ခုတော့ လိုမယ်လို့ကျွန်တော်မြင်တယ်”ဟု မွန်ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးကဆိုသည်။

ပြည်နယ်အစိုးရက ပြည်နယ်ကို အပြည့်အဝ စီမံခန့်ခွဲ့အုပ်ချုပ်ခွင့်ရရှိသည့် ပုံစံမဟုတ်ဘဲ ဘေးတိုက် ကြီးကြပ် ထိန်းသိမ်းသည့် ပုံစံ အနေအထားသာရှိကြောင်း ဆိုသည်။
ထို့ကြောင့် ဗဟိုချုပ်ကိုင်မှုကိုတဖြည်းဖြည်းချင်းလျှော့ချစေတဲ့ စနစ်တစ်ခုသာဖြစ်သည်ဟု ယူဆကြောင်း ဆိုသည်။

ပြည်ထဲရေး ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများသည် ပြည်သူလူထု နှင့် ထိတွေ့မှုအများဆုံးဖြစ်သည့် အလျောက် နာမည်ဆိုးများနှင့် ဝေဖန်မှုများ အများဆုံး ခံထားရသည့် ဌာနများလည်းဖြစ်သည်။

ထိုသို့ ပြည်နယ် ဝန်ကြီးချုပ်လက်အောက်သို့ ရွှေ့ပြောင်းလိုက်သည့်အတွက်ကြောင့် ပြည်သူလူထု၏ ဝေဖန်ပြောဆိုမှုများ လျော့ နည်းသွားဖွယ်ရှိကြောင်း မော်လမြိုင်မြို့နေ ပြည်သူတစ်ဦးကဆိုသည်။

လက်ရှိ အချိန်တွင် မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ်သည် ပြည်နယ်အတွင်း စီမံ အုပ်ချုပ်မှုများ အပေါ် ပြည်သူလူထု အကြိုက်တွေ့ခြင်းများ မရှိသည့်အတွက် ပြောင်းလဲစ ပြုနေသည့် အုပ်ချုပ်ပုံစနစ် တစ်ခုကို ထိန်းချုပ်နိုင်မူ ရှိမရှိ မေးခွန်းထုတ် ရမည်ဖြစ်သည်။

တစ်နည်းအားဖြင့် ဝန်ကြီးချုပ်အနေဖြင့် အထွေထွေအုပ်ချုပ်ရး ဦးစီးဌာနကို စနစ်တကျ စီမံကွပ်ကဲ နိုင်မှုရှိမရှိ လွှတ်တော် ကိုယ်စားလှယ်များကလည်း ဝေဖန်နေကြသည်။

“အခုလက်ရှိ်မှာလည်း ဘယ်ဌာနကို ဘယ်ဝန်ကြီးဌာနနဲ့ ပူးတွဲတာဝန်ပေးရမယ်ဆိုတာလည်း ဆွေးနွေးရမှာပေါ့၊ ခေါက်ရုးိကျိုးတဲ့အနေအထားကနေ ဖြစ်နိင်ရင် ကိုယ့်ဘက်သူ့ဘက်မျှမျှတတနဲ့ လုပ်နိုင်ရင်ပိုကောင်းတာပေါ့ ၊ခေါက်ရိုးကကျိုးနေတုန်းဆိုတော့ လတ်တလောမှာခေါက်ရိုးကြေဖို့ကတော့ မဖြစ်နိုင်သေးဘူးပေါ့၊ နားလည်မှုနဲ့ သွားရင်တော့ တဖြည်းဖြည်းနဲ့ အဆင်ပြေလာပါလိမ့်မယ်”ဟု စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ် ရေးဝန်ကြီး ဦးထွန်းဌေးက ပြောသည်။

ပြည်နယ်ဝန်ကြီးချုပ်က ဦးဆောင်ပြီးတော့ စီမံ အုပ်ချုပ်ရမည့် အခြေအနေသို့ ရောက်ရှိလာသည့်အတွက် ကြောင့် ဝန်ကြီးချုပ်အနေဖြင့် အလုပ်လုပ်ရမည့် အနေအထားရှိကြောင်း ဆိုသည်။

“အထွေထွေအုပ်ချုပ်ရေးကပဲ အဓိက ပိုကျပါလိမ့်မယ်၊ ဒါက အရပ်ဘက်ယူနီဖောင်းဝတ်လုပ်ရတဲ့အဖွဲ့ဆိုတော့ ပိုအရေးကြီးပါလိမ့်မယ်၊ ကျန်တာက စည်းမျဉ်းစည်းကမ်းနဲ့သွားရတာဆိုတော့ ပြဿနာမရှိပါဘူး၊ တို့ဆီကလည်း ထိန်းကျောင်းနိုင်မယ်လို့ယုံကြည်ပါတယ်”ဟုဆိုသည်။

ယခင်က ပြည်နယ်အစိုးရသည် သက်ဆိုင်ရာ ဌာနများကို တရားဝင်တစ်ခု ပေးအပ်ရာ ပြည်နယ်အစိုးရအဖွဲ့ တွင် အပြည့်အဝ အာဏာမရှိသည့်အတွက်ကြောင့် ပြည်ထောင်စုကို တင်ပြရသည့်အတွက် နှောင့်နှေး မှုများ ရှိကြောင်း ဒေါက်တာအောင်နိုင်ဦးကဆိုသည်။

“အခုကတော့ အရပ်ဘက်အစိုးရတွေညွှန်ကြားတဲ့အတိုင်းလုပ်ဆိုတဲ့သဘောမျိုးပေးပုံတော့ ရတယ်၊ လူထုကလည်း ကိုယ်လိုတဲ့ဟာကို အားချင်းပဲ ပြည်နယ်အစိုးရကိုတင်ပြနိုင်တယ်၊ လူထုဝန်ဆောင်မှုက ပိုပြီးမြန်ဆန်တဲ့အတွက်ပိုပြီးတော့ အကျိုးရှိတယ်လို့မြင်တာပေါ့”ဟုဆို သည်။

ပြည်နယ် အစိုးရနှင့် ဘတ်ဂျတ် ရေးဆွဲရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ အထူး စုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာနတို့၏ အသုံးစရိတ်များကို ထည့်သွင်းရေးဆွဲရသော်လည်း ယင်းဌာနများ၏ မိခင်ဌာနမှာ ပြည်နယ် အစိုးရအဖွဲ့ရုံးမဟုတ်ကြောင်း ဆိုသည်။

“ပြည်နယ်မှတာဝန်ယူပြီးတော့ စီမံကြီးကြပ်ရတဲ့ ခေါင်းဆောင်ပိုင်းတွေရဲ့ စွမ်းဆောင်ရည်တွေလည်းလိုတယ်၊ တကယ်လို့ကောင်းမွန်တဲ့စီမံကြီးကြပ်မှုအပြင် လူထုရဲ့တင်ပြမှုကို လျင်မြန်စွာဖြေရှင်းမှုဆိုရင်တော့ ပိုပြီးတော့မြန်တာပေါ့၊ ပြည်နယ်ဘဏ္ဍာငွေနဲ့ ရပ်တည်နေတယ်ဆိုတာနားလည်စေချင်တယ်၊လောလောဆယ် ပြည်နယ်စာရင်းဖွင့်ဌာနဖြစ်ပေမယ့် စီမံခန့်ခွဲခွင့်မရှိတော့ ထင်သလောက်ခရီးမရောက်ဘူး”ဟု ဒေါက်တာ အောင်နိ်ုင်ဦး ဆိုသည်။

လက်ရှိ ဖြစ်ပေါ်နေသည့် မွန်ပြည်နယ် အတွင်း ပြဿနာများကို မွန်ပြည်နယ် အစိုးရက ဖြေရှင်းနိုင်ရေး နည်းလမ်း အခွင့်အရေးများ ပိုမိုရရှိလာတော့မည်ဖြစ်သည်။

ထို့ကြောင့် ပြည်နယ် အစိုးရ၏ အုပ်ချုပ်ရေးမှု စွမ်းရည်သည် ပြည်သူလူထု၏ လိုအပ်ချက်များကို အချိန်တိုအတွင်း ဖြေရှင်းနိုင်မည်လား စောင့်ကြည့် ရမည်ဖြစ်သည်။

ယင်းကဲ့သို့ ပြည်သူလူထု ၏ ပြဿနာ များတိုက်ရိုက်တာဝန် ယူ ဖြေရှင်း ရသော အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့၊ အကျဉ်းဦးစီးဌာန နှင့် အထူးစုံစမ်းစစ် ဆေးရေး တပ်ဖွဲ့များကို ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ တိုက်ရိုက် ကွပ်ကဲနိုင်ရန် ထားရှိ ပေးခြင်း သည် မွန်ပြည်နယ် အပါအဝင် တိုင်း ရင်းသား ဒေသများ အတွက် အသက်ရှူပေါက် တစ်ခု လည်း ဖြစ်လာမည် ဖြစ်သည်။

Leave a Reply