Advertisements

မော်လမြိုင်၊ စက်တင်ဘာ  ၁

မွန်ပြည်နယ်တွင် လစ်လပ်နေသော လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ခန့်အပ်မည့် ကိစ္စအတွက် သြဂုတ် ၃၁ ရက်အထိ အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း ပြည်နယ် အစိုးရအဖွဲ့မှ ဝန်ကြီးအချို့က ဟင်္သာမီဒီယာသို့ ပြောဆိုသည်။

အဆိုပါဝန်ကြီးကို လာမည့် စက်တင်ဘာ ၁၂ ရက်တွင် ကျင်းပပြုမည့် ၁၁ ကြိမ်မြောက် မွန်ပြည်နယ် လွှတ်တော် အစည်းအဝေး၌ ခန့်အပ်ရန် စီစဉ်ထားသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပေ။

“ဒါတွေက အပေါ်ကနေချပေးတာ လုပ်နည်းကသာ ဝန်ကြီးချုပ်ကတင်ရတာ  တစ်ကယ်တမ်းလည်း ဒီဌာနတွေက ဝန်ကြီးထပ်ခန့်ဖို့လိုအပ်ပါတယ် “ဟု ပြည်နယ် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ဆိုသည်။

ယင်း ဝန်ကြီး နေရာကို ပညာရှင် တစ်ဦးသို့မဟုတ် လုပ်ငန်း ကျွမ်းကျင်သော ပုဂ္ဂိုလ်များကို ခန့်အပ်တာဝန်ပေးသင့်ကြောင်း ၎င်းက ပြောသည်။

လက်ရှိအချိန်တွင် လစ်လပ်လျက်ရှိသော မွန်ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးဌာန ဝန်ကြီး၏ လုပ်ငန်းတာဝန်များအား စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီးအား ပြီးခဲ့သည့် လွှတ်တော်ပုံမှန်အစည်းအဝေးတွင်း မွန်ပြည်နယ်ဝန်ကြီးချုပ်မှ ပူးတွဲတာဝန်ထမ်းဆောင်ရန် ပေးအပ်ထားသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး ပြည်နယ်စိုက်ပျိုး၊မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး ဦးထွန်းဌေးက “ကျွန်တော်တို့လည်း ဘယ်သူဝန်ကြီး ဖြစ်မလဲ သိချင်နေတာ”ဟု ၎င်းက ပြောဆိုသည်။

ထိုလစ်လပ်နေသော ဝန်ကြီးကို လာမည့် လွှတ်တော် အစည်းအဝေးတွင် ခန့်အပ်နိုင်ကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။

မွန်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးကတော့ လျှပ်စစ်ဝန်ကြီး ခန့်အပ်မည့်အကြောင်း သိရှိထားခြင်း မရှိသေးဟု ဆိုသည်။

လျှပ်စစ်ဝန်ကြီးကို အနီးစပ်ဆုံး ကျင်းပမည့် ပြည်နယ် လွှတ်တော် အစည်းအဝေးတွင် ခန့်အပ်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ဇူလိုင် ၁၀ ရက်က ပြုလုပ်သည့် အစိုးရ တစ်နှစ်တာ လုပ်ငန်းစဉ် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

သက်ပိုင်

Advertisements
<

Leave a Reply