Advertisements

ချောင်းဆုံ ၊ မတ်

တရုတ် ၊ အိန္ဒိယ ၊ ထိုင်းနိုင်ငံများသို့ တင်ပို့နိုင်သည့် ဈေးကွက်ဝင်နနွင်းမှာ သိရှိစိုက်ပျိုးသူ နည်းပါးနေသေးကြောင်း မွန်ပြည်နယ်ပဲနှမ်းကုန်သည်များအသင်း၊ အတွင်းရေးမှူးဦးကျော်ခိုင်မြင့်ကထောက်ပြဝေဖန်လိုက်သည်။

“နနွင်းတက်အခြောက်တစ်ပိဿာကို မော်လမြိုင်ဈေးကွက်မှာ ကျပ်၄၂၀၀ နဲ့ အရောင်းအဝယ်ဖြစ်နေတယ်။ အိန္ဒိယ ၊ ထိုင်းနဲ့ တရုတ် နိုင်ငံဈေးကွက်တွေကို တင်ပို့ရောင်းချနိုင်တယ်။ အရောင်းအဝယ်လည်းရှိတယ်” ဟု ၎င်းကဟင်္သာမီဒီယာသို့ ပြောသည်။

နနွင်းကိုမိုးဦးကာလတွင်စတင်စိုက်ပျိုးကာ မိုးနှောင်းကာလတွင် တူးဖော်ရရှိနိုင်ပြီး အပင်သက်တမ်း လေးလ ဝန်းကျင်ရှိကာ အလွယ်တကူစိုက်ပျိုးနိုင်ကြောင်း နနွင်းစိုက်ပျိုးသူ ကညှော်ကျေးရွာမှ ဦးညီကပြောသည်။

“နနွင်းကို စနစ်တကျစိုက်ရင်တော့ ကဆုန်လလောက်မှာပျိုးထောင်တယ် ။ သက်တမ်းတစ်လနီးပါး အပင်အမြင့်တစ်ပေလောက်ရှိလာတဲ့ အချိန်မှာမြောင်းဖော်ထားတဲ့ စိုက်ကွက်နဲ့စနစ်တကျစိုက်ပျိုးနိုင်တယ်”ဟု ၎င်းကရှင်းပြသည်။

တိရစ္ဆာန်နှင့် ပိုးမွှားများဖျက်ဆီးမှုနည်းခြင်း ၊ ရော်ဘာစတင်စိုက်ပျိုးချိန်များတွင်ရော်ဘာတန်းကြားမြေလွတ်များ၌ သီးထပ်သီးညှပ်အဖြစ် စိုက်ပျိုးနိုင်ခြင်းစသည့် အားသာချက်များကြောင့် တစ်ဖက်တစ်လမ်း မှဝင်ငွေရရှိနိုင် ကြောင်းလ ည်းဦးကျော်ခိုင်မြင့် ကထောက်ပြအကြံပြုသည်။

“ကြာအင်းဆိပ်ကြီး၊ ကျုံဒိုး ၊ကော့ကရိတ် ၊ကော့စိန်၊ ကော့ပေါက်တွေကအများဆုံး လာရောင်းကြတယ်။ မွန်ပြည်နယ်ကတော့ စိုက်ပျိုးတဲ့လူနည်းနေသေးတယ်။ ရော်ဘာအပင်သစ် တွေစိုက်ပျိုးစဉ်မှာ အပင်အတန်းကြားမှာနနွင်းကိုစိုက်ပျိုးနိုင်တဲ့အတွက် အပိုဝင်ငွေရနိုင်တယ်”ဟု၎င်းက ဖြည့်စွက်ပြောဆိုသည်။

လွတ်လပ်မောင် (ယက္ခမြေ)

Advertisements
<

Leave a Reply