ရန်ကုန် ၊ အောက်တိုဘာ ၂၅ ။ ။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကာလကဲ့သို့ ပြည်ပရောက်မဲဆန္ဒရှင်စာရင်း မှားယွင်းမှုများ ထပ်မံ မဖြစ်ပေါ်ရေး ကြိုတင်ပြင်ဆင်သည့် အနေဖြင့် အစိုးရသစ်က ပြည်ပသံရုံးများသို့ မဲစာရင်းပေးပို့သည့် ပုံစံများတွင် အပြောင်းအလဲ ပြုလုပ်ရန် စီစဉ်လျက်ရှိသည်။

mae-copy

ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ပြည်ပရောက်မဲဆန္ဒရှင်များသည် သံရုံးများသို့ မဲသွားရောက်ပေးရာတွင် မဲစာရင်းတွင် အမည်စာရင်း ပါမလာခြင်း၊ နိုင်ငံမှားယွင်းပြီး မဲလက်မှတ်များ ရောက်ရှိသွားခြင်းများ ကြောင့် ပြည်ပရောက်မဲဆန္ဒရှင်အချို့ မဲပေးခွင့် ဆုံးရှုံးမှုများ ဖြစ်ပွားခဲ့သည်။

မြန်မာနိုင်ငံသားအများစုနေထိုင်သည့် ထိုင်း၊ စင်္ကာပူ နှင့် တောင်ကိုရီးယားနိုင်ငံများတွင် အချိန်မီ မဲပေးခွင့်ဆုံးရှုံးမှုများ အများဆုံး ဖြစ်ခဲ့သည်။

၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲသည် အစိုးရသစ် လက်ထက် ပထမဆုံးအကြိမ် ကျင်းပမည့် ရွေးကောက်ပွဲတစ်ခုလည်းဖြစ်ပြီး ယင်းပြဿနာများကို ဖြေရှင်းရန် နိုင်ငံခြားရေး ဝန်ကြီးဌာန နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့ ကြိုတင်ညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိသည်။

“နဂိုတုန်းက အချိန်မရတဲ့အတွက် မှားယွင်းမှုတွေရှိခဲ့တယ်။ အခုကော်မရှင်ကလည်း အစောကြီး ကြေညာထားတဲ့အတွက် အချိန်လည်းရတယ် မှားယွင်းမှုတွေလည်းနည်းသွားမှာပါ” ဟု နိုင်ငံခြားရေးဝန်ကြီးဌာန စီမံရေး နှင့် အုပ်ချုပ်ရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးတင့်ကပြောသည်။

မဲလက်မှတ် မှားယွင်းမှုများဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များကြောင့် ယခုကြားဖြတ်ရွေးကောက်ပွဲတွင် ကြိုတင်မဲ လက်မှတ်ထုတ်ယူနိုင်မည့် ပုံစံ(၁၅)ကို သက်ဆိုင်ရာသံရုံး အလိုက် သံရုံးတံဆိပ် တုန်းရိုက်နှိပ်၍ အစိုးရထံမှတစ်ဆင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံသို့ ပေးပို့ရန် စီစဉ်ထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှသိရသည်။

အဆိုပါ သက်ဆိုင်ရာ နိုင်ငံ အခြေစိုက် သံရုံးတံဆိပ်တုံးရိုက်နှိပ်သည့်စနစ်ကို ပထမဆုံးအကြိမ် သုံစွဲရန် စီစဉ်ခြင်းလည်းဖြစ်သည်။

photo – Shwe Pyi Hein

Leave a Reply