ရန်ကုန်၊ အောက်တိုဘာ ၁၀ ရက်။

မြန်မာနိုင်ငံသို့ ပြည်ပရင်းနှီးမြှုပ်နှံမှုများဝင်ရောက်ရာတွင် ပြည်တွင်း SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီပံ့ပိုးပေးမှု မရှိခြင်းကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပလုပ်ငန်းရှင်များနှင့် ပြည်တွင်း SME လုပ်ငန်းများကို အကျိုးတူလုပ်ကိုင်ခွင့်ပြုသင့်ကြောင်း သိရှိရသည်။

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၌ အောက်တိုဘာ ၁၀ ရက် က ကျင်းပပြုလုပ်သည့် The 5th ASIAN SME Conference 2017 အတွက် သတင်းစာရှင်းလင်းပွဲတွင် International Leadership Academy( ila)၏ Co-Founder ဖြစ်သူ Mr.Richard Dare က ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“နိုင်ငံတကာက မြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှံမှုပြုလုပ်ဖို့ စိတ်ဝင်စားကြတယ်။ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ကြတယ်။ ဒါပေမဲ့ သူတို့လာတဲ့အခါ သူတို့ရဲ့လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအတွက်ပဲ လုပ်သွားကြတာတွေများပါတယ်။ အဓိက အရေးကြီးတာကတော့ မြန်မာပြည်မှာရှိတဲ့ လုပ်ငန်းသေးသေးလေးတွေ အကျိုးရှိဖို့အတွက် လုပ်ကိုင်ကြတာ နည်းပါးတယ်။

နိုင်ငံတစ်နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက် SME လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာမှ စီးပွားရေးက ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်တယ်။”ဟု International Leadership Academy (ila) ၏ Co-Founder ဖြစ်သူ Mr.Richard Dare ကပြောသည်။

မြန်မာ့ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်း (SME)များ ဖွံ့ဖြိုးတိုးတက်ရန် နိုင်ငံပေါင်း(၃၀)ကျော်မှ ပညာ ရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ အတွေ့အကြုံများကိုဆွေးနွေးသွားမည့် The 5th ASIAN SME Conference 2017 ကို နေပြည်တော်၌ အောက်တိုဘာ ၁၄ ရက်မှ ၁၅ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ် ကာ စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန နှင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်ပေါင်း(၆၀၀)ကျော်ကိုလည်း ဖိတ်ခေါ်ထားကြောင်း သိရသည်။

“FDI အရ လာတဲ့ရင်းနှီးမြှုပ်နှံမှုတွေက သူတို့ဟာသူတို့ Package အလိုက် လာတာဖြစ်တဲ့အတွက် ပြည်တွင်း မှာရှိတဲ့ SME တွေကို အသုံးချမှုကဏ္ဍက နည်းပါးတယ်။ ပြည်တွင်းက SME တွေက dominate မဖြစ်သေးဘူး။ ဒါကို သူတို့က တွဲခေါ်ဖို့အတွက်က အချိန်မရှိဘူး။ FDI ရဲ့သဘောသဘာဝက သူတို့မှာရှိပြီးသား Market အ တွက်ကိုပဲ ပြည်တွင်းမှာ Product ယူတာဖြစ်တဲ့အတွက် ပြည်တွင်းက dominate မဖြစ်သေးတဲ့ SME တွေနဲ့ လက်တွဲ မလုပ်ကိုင်ကြတာဖြစ်ပါတယ်။”ဟု Sinma Furnishings ကုမ္ပဏီလီမိတက်ဥက္ကဌ ဦးကျော်ကျော်ဝင်းက ပြောသည်။

SME လုပ်ငန်းများကထုတ်လုပ်သည့် ထုတ်ကုန်များအား ပြည်သူလူထုများ အသုံးပြုမှသာလျှင် SME လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး SME လုပ်ငန်းများသည် အလုပ်အကိုင်အခွင့်အလမ်း အများဆုံးဖန်တီးပေးနိုင် သည့် လုပ်ငန်းဖြစ်၍ အကြီးစားစီးပွားလုပ်ငန်းတိုးတက်လာစေရန် ကူညီထောက်ပံ့ပေးနိုင်ကာ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများ ဝင်ရောက်လာပါက နိုင်ငံတော်အနေဖြင့် ပြည်တွင်း SME လုပ်ငန်းများ၊ ပြည်ပရင်းနှီးမြှုပ်နှံသူများ နှင့် ပူးပေါင်းဆောင်ရွက်မှသာ ပြည်တွင်း SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

Written by -MMK

Leave a Reply