Advertisements

မော်လမြိုင်၊ ဇွန်

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ပတွင် အလုပ်လုပ်ကိုင်နေသည့် မွန်တိုင်းရင်းသားများအားလုံး မဲပေးခွင့်ရရှိရန် မွန်ညီညွတ်ရေးပါတီ (MUP) က ကြိုးပမ်းသွားမည်ဖြစ်ကြောင်း မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး (၁) နိုင်စံတင်က ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍မေလ ၂၉ ရက်က ကျင်းပခဲ့သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်သုံးသပ်ခြင်းနှင့် အမျိုးသမီးများ ပါဝင်ဦးဆောင်မှု မြှင့်တင်ရေး အလုပ်ရုံ ဆွေးနွေးပွဲတွင်မွန်ညီညွတ်ရေးပါတီ(MUP)မှ လက်ရှိ မြန်မာ့နိုင်ငံရေး အပြောင်းအလဲများနှင့် ၂၀၂၀ ရွေးကောက်ပွဲကိစ္စရပ်များကို ဆွေးနွေးတင်ပြရာ၌ ၎င်းက ယင်းကဲ့သို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“မွန်တွေအတွက် ရင်နာစရာ ဖြစ်တယ်။ ကျွန်တော်တို့ မွန်ပြည်သူတွေက အကုန်လုံးနီးပါး အခြားနိုင်ငံမှာပဲ အလုပ်လုပ်နေကြတယ်။ သံရုံးမှာ မဲသွားပေးဖို့ ဘယ်လိုသွားရမလဲဆိုတာကို သူတို့လည်း အခက်အခဲ ရှိတယ်။ အဲဒါကိုလည်း အားလုံးမဲပေးနိုင်စေဖို့စဉ်းစားဆောင်ရွက်ပေးရမယ်” ဟု နိုင်စံတင်က ပြောသည်။

ယင်းအပြင် ပြည်တွင်းရှိ ကျေးရွာများတွင်လည်း မွန်များအားလုံး မဲထည့်ပေးနိုင်ရန်ကိုလည်း ကြိုးပမ်းရမည်ဖြစ်ကာအသိပညာပေးလုပ်ငန်းများကို မွန်လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ပြီး အခြားပြည်ပနိုင်ငံများတွင်အလုပ်လုပ်နေကြသည့် မွန်တိုင်းရင်းသားများအားလုံး မဲထည့်ခွင့်ရရှိနိုင်စေရန်ဖွဲ့စည်းထားသည့် ရွေးကောက်ပွဲဆိုင်ရာညှိနှိုင်းရေးအဖွဲ့က ဆွေးနွေးပြီး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၎င်းကပြောသည်။

“ကျွန်တော်တို့မြင်တဲ့အမြင်က တိုင်းရင်းသားဒေသတွေမှာတိုင်းရင်းသားပါတီတွေအင်အားကောင်းဖို့လွှတ်တော်မှာလည်းတိုင်းရင်းသားအင်အားစုတွေ နေရာရဖို့အတွက် အဲဒီအယူအဆတွေ ရှိလာတဲ့အတွက် အဲဒါကိုအကောင်အထည်ဖော်နိုင်ဖို့တတ်နိုင်တဲ့ဘက်က  ပံ့ပိုးပေးတဲ့ဟာမျိုး နည်းပညာပိုင်းတွေလူထုကိုစည်းရုံးတဲ့အပိုင်းတွေ အဲဒီလိုမျိုး ဆုံးဖြတ်ထားတာ ရှိတယ်”ဟု  မွန်အရပ်ဘက် အဖွဲ့အစည်းကွန်ရက်ဦးဆောင်ကော်မတီဝင်မင်းအောင်ထူးက ပြောသည်။

မွန်အမျိုးသားရေးကိစ္စများနှင့် မွန်လူမျိုးများအတွက် အကျိုးရှိမည့် ကိစ္စရပ်များကို လိုအပ်သည့်နေရာမှပံ့ပိုးကူညီသွားမည်ဖြစ်ပြီး မွန်အရပ်ဘက်လူမှုအဖွဲ့အစည်းများအနေဖြင့် ISSU အလိုက် မွန်ဒေသနှင့် မွန်တိုင်းရင်းသားအရေး ကိစ္စရပ်များကိုဆောင်ရွက်နိုင်စေရန်မဟာဗျုဟာများ ရေးဆွဲထားကြောင်း ၎င်းက ဆိုသည်။

မွန်နှစ်ပါတီပေါင်းစည်းပြီးနောက် မွန်ပြည်သစ်ပါတီ (NMSP) နှင့်  မွန်ညီညွတ်ရေးပါတီ (MUP) တို့သည်  မွန်အမျိုးသားကိစ္စရပ်များနှင့် ပတ်သက်ပြီးဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားရန်တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများရှိခဲ့သည်။

အောင်မြတ်

Advertisements
<

Leave a Reply