တပ်မတော်အစိုးရလက်ထက်တွင် ဒီမိုကရေစီအရေးတက်ကြွ လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသော ပြည်ပရောက် အဖွဲ့အစည်းများကအရပ်သားအစိုးရသစ်လက်ထက်တွင် ပြည်တွင်းသို့ ပြန်လာခွင့် ရရှိရေးအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံတောင်းဆိုလိုက်သည်။

logo-copy

မြန်မာ-ထိုင်းနယ်စပ်ဒေသတွင် အခြေစိုက်သည့် အရပ်ဘက်အဖွဲ့အစည်းများ အများဆုံးပါဝင်သော အဖွဲ့အစည်း ၄၀ က ၎င်းတို့ကိုအမည်ပျက်စာရင်းမှပယ်ဖျက်ပြီး ပြည်တွင်းသို့ ပြန်လာခွင့်ပြုသည်ဟုအရပ်သားအစိုးရက တရားဝင် ကြေညာပေးရန် တောင်းဆိုကြောင်းဇူလိုင်လ ၂၅ ရက်နေ့ ရက်စွဲဖြင့် အိတ်ဖွင့်ပေးစာတစ်စောင်ကိုပူးတွဲထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အရပ်သားအစိုးရအနေဖြင့် နယ်စပ်ဒေသအခြေစိုက် အရပ်ဘက်အဖွဲ့အစည်းများ နှင့် အဖွဲ့ဝင်များ ပြည်တွင်းသို့ လုံခြုံစွာ ပြန်လာနိုင်ရေးအတွက် အလေးအနက်ထားစဉ်းစားပေးပါရန် နှင့် အမည်ပျက်စာရင်းတွင် ပါဝင်နေသူများကို တရားဝင်ထုတ်ပြန်ပေးစေလိုကြောင်းအိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

ယင်းသို့ အိတ်ဖွင့်ပေးစာပေးပို့ရာတွင် ပူးပေါင်းပါဝင်သည့် ထိုင်းနိုင်ငံချင်းမိုင်မြို့အခြေစိုက် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) မှ ပြောရေးဆိုခွင့်ရှိသူဦးအောင် မျိုးကျော် ကလည်း “နိုင်ငံရေးကြောင့် တိုင်းပြည်ပြင်ပကိုထွက်သွားရတဲ့လူတွေကဂုဏ်သိက္ခာရှိရှိနဲ့ ပြည်တွင်းကို ပြန်ဝင်လာဖို့ လိုအပ်တယ်။ ဒါမှလည်းတိုင်းပြည်တည်ဆောက်ရေးမှာဒီလူတွေရဲ့ ကိုယ်စွမ်းဉာဏ်စွမ်းကိုအသုံးချခွင့်ရမှာ” ဟုမှတ်ချက်ပြုသည်။

တပ်မတော်အစိုးရလက်ထက်တွင် ပြည်တွင်းလူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေးလှုပ်ရှားသူများကိုဖမ်းဆီးအရေးယူမှုများရှိသောကြောင့် အရပ်ဘက်အဖွဲ့အစည်းအများစုမှာ မြန်မာ-ထိုင်းနယ်စပ်ဒေသသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ယင်းသို့ နယ်စပ်ဒေသများတွင် အခြေစိုက်သောအရပ်ဘက်အဖွဲ့အစည်းများကိုမတရားအသင်းအဖြစ် ကြေညာခဲ့ပြီး ယင်းအဖွဲ့ဝင်များ ကိုလည်း ပြည်တွင်းသို့ ပြန်လာခွင့် မရှိစေရေးအတွက် အမည်ပျက်စာရင်း(Black List) တွင် ထည့်သွင်းခဲ့မှုများ ပြုလုပ်ခဲ့သည်။

ယင်းနောက် ယခင်အစိုးရလက်ထက်တွင် နိုင်ငံတော်သမ္မတဟောင်းဦးသိန်းစိန်က ပြည်ပသို့ရောက်ရှိနေသည့် အဖွဲ့အစည်းများကို ပြန်လာခွင့်ပြုကြောင်းထုတ်ဖော်ပြောဆိုခဲ့သော်လည်းအဖွဲ့အစည်းအချို့သာ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။

အလားတူ ၂၀၁၂ ခုနှစ်တွင် အမည်ပျက်စာရင်းများကိုအကန့်အသတ်ဖြင့်ပယ်ဖျက်ကြောင်းကြေညာမှုကြောင့် ပြန်လည်ဝင်ရောက်လာသော အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုများကိုသတင်းရဲတပ်ဖွဲ့ကအမြဲစောင့်ကြည့်ကာကန့်သတ်တားစီးမှုများ ပြုလုပ်ခဲ့ကြောင်းအရပ်ဘက်အဖွဲ့အစည်း ၄၀ ခုပူးတွဲထုတ်ပြန်သောအိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

သို့သော်လည်းအရပ်သားအစိုးရသစ်ကမူ ၎င်း၏ ရက် ၁၀ဝ စီမံကိန်းအတွင်းအစိုးရအဆက်ဆက် က အမည်ပျက်စာရင်းသွင်းခဲ့သူအားလုံးနီးပါးကိုစိစစ်ပြီးနောက် အဆိုပါ စာရင်းမှ ပယ်ဖျက်ပေးမည်ဖြစ်ကြောင်းအလုပ်သမား၊အလုပ်အကိုင် နှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေကပြောဆိုထားသည်။

Leave a Reply