ချောင်းဆုံ၊ အောက်တိုဘာ

ပြည်ပသို့တင်ပို့မှုများရှိနေ၍ ယခုနှစ်မိုးရာသီတွင် ယခင်နှစ်ထက် ဆန်ဈေးနှုန်း မြင့်တက်မှုရှိခဲ့သည်ဟု ဆန်စပါးရောင်းဝယ်သူများထံမှ သိရသည်။

“ပြည်ပက ဝယ်နေတယ်ဆိုတော့ ဆန်ကြမ်းအုပ်စုက တင်း ၁၀၀ ကိုကျပ် ၇၀၀,၀၀၀ ထိပေါက်ဈေးဖြစ်နေတယ်။ ဆန်ချောအုပ်စုက တင်း ၁၀၀ ကိုကျပ် ၈၀၀,၀၀၀ ကျော်မှာ ရှိနေတယ်။ ဆန်ကြမ်းအုပ်စုက ပိုပြီးအဝယ်လိုက် နေတယ်”ဟု ကညှော်ကျေးရွာမှ ဆန်စပါးရောင်းဝယ်သူ ဦးဝင်းဦးကပြောသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်က တစ်နှစ်ပတ်လုံး ဆန်ဈေးနှုန်းကျဆင်းခဲ့ပြီး စပါးပေါ်ချိန်တွင် ဆန်ကြမ်းအုပ်စု တင်း ၁၀၀ လျှင် အမြင့်ဆုံး ကျပ် ၄၀၀,၀၀၀ ဝန်းကျင်သာ ပေါက်ဈေးရှိခဲ့ပြီး ဆန်ချောအုပ်စုမှာ ကျပ် ၅၀၀,၀၀၀ ဝန်းကျင်သာရှိခဲ့ကြောင်း ၎ကဆိုသည်။

စပါးဝယ်ယူသိုလှောင်ထားသူများအနေဖြင့် ယခုနှစ်တွင် ပိုမို အကျိုးဖြစ်ထွန်း တွက်ခြေကိုက်ခဲ့ကြောင်း သိရသည်။

“ဆန်က ပြည်တွင်းဈေးကွက်တစ်ခုထဲကို အားကိုးနေလို့မရဘူး။ ပြည်ပက ဝယ်လိုအားရှိရင် ရှိသလို ဈေးနှုန်း မြင့်တက်မှုရှိနိုင်မယ်။ ပြည်ပနိုင်ငံတွေကလည်း ဝယ်ယူဖို့ ကမ်းလှမ်းထားတာတွေ ရှိတယ်”ဟု မွန်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(MSCCI) မှ ဒုဥက္ကဋ္ဌ ဦးတင်မြင့်ဦးက ဆိုသည်။

လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဈေးကွက်အခိုင်အမာရရှိရေး၊ အထွက်နှုန်းမြင့်ပြီး နိုင်ငံတကာ ဈေးကွက်ဝင် မျိုးကောင်းမျိုးသန့်များကို လယ်သမားများ စိုက်ပျိုးနိုင်ရေးတို့အတွက် စိုက်ပျိုးရေးနည်းစနစ်များ ဖြန့်ဝေပေးနိုင်ရန် လိုအပ်ကြောင်း ၎က အကြံပြုသည်။

ဒေသခံလယ်သမားများ၏ ပြောကြားချက်အရ ယခုနှစ် စပါးပေါ်ချိန်တွင် ယခင်နှစ်ထက် ဈေးနှုန်းမြင့်တက်နိုင်သော်လည်း စပါးရောင်းချချိန်တွင်မူ ဈေးနှုန်း ကျဆင်းသွားလေ့ရှိကြောင်း၊ လယ်ယာလုပ်ငန်းသုံးစရိတ် နှင့် ကြွေးမြီများပြန်လည်ပေးဆပ်နိုင်ရန်အတွက် ယင်းတို့အနေဖြင့် နှစ်စဉ် အခက်ကြုံရလေ့ရှိကြောင်း၊ စပါးဈေးနှုန်းမြင့်တက်နေချိန်အထိ လယ်သမားအများစုမှာ စပါးသိုလှောင် ထားနိုင်ခြင်းမရှိသဖြင့် သိုလှောင်သူများသာ အကျိုးအမြတ်ဖြစ်ထွန်းခဲ့ကြောင်း သိရသည်။

Written by – လွတ်လပ်မောင်(ယက္ခမြေ)

 

Leave a Reply