Advertisements

ကျူးဘား ကွန်မြူနစ်ခေါင်းဆောင် ဖီဒယ်ကက်စထရိုသည် ၂၀၀၆ ခုနှစ်တွင် အူလမ်းကြောင်းရောဂါဖြင့် အသည်းအသန် နာမကျန်းချိန် ညီဖြစ်သူထံ အာဏာလွှဲပြောင်း ဆက်ခံစေသည်။

ကက်စထရိုအဖို့ ကင်ဆာဟု လူအများသိသည့် ယင်းရောဂါကိုမူ လည်စင်းပေးရမည့်အနေအထားပင်။ ထိုအချိန်က သူ့ကိုယ်သူ သေလူအဖြစ် သတ်မှတ်ထားခဲ့ကြောင်း ၎င်းက နောင်တွင် တဖန် ပြန် ဖွင့်ဟခဲ့သည်။

သူအနားယူသွားပြီးနောက် သူ့ နာရေးသတင်းကိုသာ နားစွင့်နေကြချိန်အလွန် ၂၀၁၄ ခုနှစ်တွင် ကောင်းစွာ နာလန်ထလာပြီဖြစ်သည့် ဖီဒယ်ကက်စထရိုက သူခံစားခဲ့ရသည့် ရောဂါဝေဒနာဆိုးကို ဖယ်ရှားပေးလိုက်သည်မှာ ဒန့်သလွန် ဖြစ်သည်ဟုဆို၏။ နတ်ဆေးဟုပင် သူက တင်စား အမွှမ်းတင်ခဲ့သော ဒန့်သလွန်ခင်းများ ကျူးဘား နိုင်ငံတစ်ဝှမ်းတွင် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးစေခဲ့သည် ။

တရုတ်သမ္မတ ရှီကျင့်ဖျင်အပါအဝင် တရုတ်ပြည်မှ ခေါင်းဆောင်များက ဖီဒယ်ကက်စရိုထံ ဒန့်သလွန်နှင့် ဖော်စပ်ထားသော ဆေးဝါးများ လက်ဆောင်ပါးခဲ့သည်။

အသုံးတည့်ပေမယ့် အသုံးမချနိုင်သေးတဲ့ ဒန့်သလွန်

“တို့ဆီမှာတော့ ဒန့်သလွန်ဆိုတာ အသုံးတည့်မှန်း သိပေမယ့် ခုချိန်ထိတော့ ထိထိရောက်ရောက် အသုံး မချနိုင်သေးဘူး”
မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၊ ဒန့်သလွန် နှင့် ရဲယိုသီး စိုက်ပျိုး ထုတ်လုပ်သူများ အစုအဖွဲ့(ယာယီ)မှ ဥက္ကဋ္ဌ ဦးမြင့်ကိုက ဟင်္သာမီဒီယာကို မေလ ၃ ရက်တွင် ယင်းသို့ ပြောသည်။ အာယုဗေဒအမြင်ဖြင့် ယင်းသို့ ဆိုခဲ့ခြင်း မဟုတ်ဘဲ ဈေးကွက်အမြင်ဖြင့် သုံးသပ်မှတ်ချက်ပြုလိုက်ခြင်းပင်။
မြန်မာနိုင်ငံထွက် ဒန့်သလွန်သီးကို ဝယ်ယူတင်သွင်းလိုသည့် အာရှနိုင်ငံအချို့ကလည်း ကမ်းလှမ်းထား ကြောင်း ဦးမြင့်ကိုက ဆို၏။

“မလေးရှား ၊ တရုတ်နဲ့ စင်ကာပူနိုင်ငံတွေကနေ ဝယ်ဖို့ ကမ်းလှမ်းထားတာတွေ ရှိတယ်၊ ဂျပန်ကုမ္ပဏီတစ်ခုနဲ့ ဒန့်သလွန်သီးထုတ်ကုန် တင်ပို့ဖို့ ဂျပန်ကုမ္ပဏီတစ်ခုနဲ့ သြင်္ကန်နောက်ပိုင်း ဆွေးနွေးမယ်ဆိုတဲ့ကိစ္စကိုလည်း ရှေ့လ(ဇွန် ၂၀၁၉)ထဲ ဖော်ဆောင်ဖို့ ရှိတယ်”ဟု ဖြည့်စွက်ပြောပြသည်။

ဒန့်သလွန်ထွက်ကုန်များမှာ ယမန်နှစ် ၂၀၁၈ ခုနှစ်ကစ၍ ပြည်တွင်းဈေးကွက်တွင် အသုံး တွင်ကျယ်လာသလို ပြည်ပနိုင်ငံ ထိုင်ဝမ် ၊ အမေရိက ၊ တရုတ်နှင့် ကိုးရီးယားများသို့လည်း နမူနာ ပေးပို့ထားကြောင်း စုံစမ်း သိရှိရ သည်။
အမေရိကနှင့် အနောက်ဥရောပဒေသများတွင် ဒန့်ဒလွန်ရွက်ခြောက်(Moringa)ကို ဆေးစွမ်းထက် အာနိ သင်ပြည့် စားသောက်ဖွယ်အဖြစ် ဈေးကြီးပေး ရောင်းဝယ်ဖောက်ကား အသုံးပြုနေကြသည်။

လက်ရှိ ပြည်တွင်းဈေးကွက်တွင်း ဒန့်သလွန်ရွက်ခြောက် တစ်ကီလိုဂရမ်လျှင် ကျပ် ၇၀,ဝဝဝ ကျော်အထိ ပေါက်ဈေးရှိနေပြီး အသီးခြောက် တစ်ပိဿာကို ကျပ် ၃၀,ဝဝဝ ကျော် ပေါက်ဈေးရှိကြောင်း သိရသည်။ ဒန့်သလွန်သီးမှုန့် တစ်ကီလိုလျှင် ငွေကျပ် ခြောက်သောင်းကျော်၊ ဒန့်သလွန်စေ့ ၁၀ ကီလိုလျှင် ငွေကျပ်ငါးထောင် ဝန်းကျင်ရှိကြောင်းလည်း သိရသည်။ ပြည်ပပေါက်ဈေးမှာ အတည်ပြုဖော်ပြနိုင်ရန် ခဲယဉ်းနေဆဲဖြစ်သော်လည်း စင်ကာပူတွင် ဒန့်သလွန်စေ့ ၁၀၀ ဂရမ်လျှင် မြန်မာငွေ အားဖြင့် သောင်းချီပေါက်ဈေးရှိကြောင်း၊ အမေရိကတွင် ဒန့်သလွန်စေ့ ၁၀၀ ပါ တစ်ထုပ်လျှင် ၆ ဒေါ်လာဝန်းကျင် ရှိကြောင်း ပြည်ပအသိုင်းအဝိုင်းနှင့် နီးစပ်သူအချို့က ဆို၏။

ဈေးကွက်အလားအလာကောင်း၊ ဝယ်လက် ကမ်းလှမ်းမှု ရှိသည်ဆိုစေကာမူ ဒန့်သလွန်မှာ မြန်မာဘက်မှ ပို့ကုန်အဖြစ် ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရေး လက်ရှိအချိန်တွင် မရေရာလှသေးချေ။
“အဓိကက သူတို့ ဝယ်ယူလိုတဲ့ ပမာဏကို ပြည့်မီဖို့၊ ဒီဘက်က အရေအတွက် ဘယ်လောက် တင်ပို့နိုင် သလဲဆိုတာကလည်း အရေးကြီးတယ်”ဟု ဦးမြင့်ကိုက ဟင်္သာကို ပြောပြ၏။ ဝယ်လက်မှာ ကွန်တိန်နာဖြင့် အလေးချိန် တန်နှင့် ချီ မှာယူသည်မှာ ထုံးစံပင်။

“တစ်ပြည်လုံးမှာ ဒန့်သလွန်က စိုက်ဧက နှစ်ရာဝန်းကျင်ပဲ ရှိနေသေးတယ်”ဟု ဆို၏။
မြန်မာနိုင်ငံ ဒန့်သလွန် နှင့် ရဲယိုသီး စိုက်ပျိုး ထုတ်လုပ်သူများ အစုအဖွဲ့ဖွဲ့စည်းပြီး လ ပိုင်းအကြာထိ ကောက်ယူရရှိထားသည့် အရေအတွက်ပင်ဖြစ်သည်။

ဒန့်သလွန် စိုက်ဧက တိကျပြည့်စုံစွာ ဖော်ပြသိရှိနိုင်ရန် လတ်တလော မဖြစ်နိုင်သေးသလို ပြည်ပသို့ တင်ပို့နိုင်သည့် အရည်အသွေးပြည့်မီသည့်တိုင် အရေအတွက်၊ ပမာဏ ပြည့်မီရန်မှာလည်း မလွယ်ကူသေးပေ။

မွန်ပြည်နယ် နှင့် ဒန့်သလွန်

ဒန့်သလွန်သီး လှိုင်လှိုင်ပေါ်ချိန်တွင် ကိုင်းကျိုးကျသည်အထိ ညွှတ်နေအောင် ဖြစ်ထွန်းသည်။ သို့သော် ခူးမကုန်သည့် သီးကျန်များ ပင်ထက်တွင်ပင် ခြောက်သယောင်းကာ လေလွင့်ပြုန်းတီးနေသည်မှာ ထူးဆန်းသော မြင်ကွင်းတော့ မဟုတ်ချေ။

“ဒန့်သလွန် အရွက်ခြောက် ၊ အသီးခြောက် ၊ အစေ့ကအစ ဝယ်တဲ့ ဈေးကွက်ရှိတယ်လို့ ကြားတော့ကြား နေရတာပါပဲ၊ ဒါပေမဲ့ ဘယ်မှာ သွားရောင်းရမလဲ၊ ဘယ်သူက ဘယ်လိုဝယ်နေသလဲ ဂဃနဏ မသိဘူး ဖြစ်နေတယ်။ လောလောဆယ်မှာတော့ ဈေးထဲ အသီးတစ်တောင့် ငွေတစ်ရာနဲ့ ရောင်းလိုက်တာပါပဲ၊ ဈေးနှုန်း ပိုရရင် ငါးရာဖိုး သုံးတောင့်ပေါ့၊ ဒီလောက်ဆို ဈေးကောင်းရတယ် ဆိုလိုက်ရတာပဲ”ဟု ချောင်းဆုံမြို့နယ် ကော့မုပွန်လယ်ကွင်းမှ တောင်သူ ဦးသစ်ကျော်က ပြောပြသည်။

တစ်ဆက်တည်းတွင် မော်လမြိုင် ချောင်းဆုံလမ်းဘေး အိမ်ခြံဝင်းတစ်ခုအတွင်းမှ ဒန့်သလွန်တစ်ပင်တွင် ရှိနေသော အသီးခြောက် အချို့ကို လက်ညှိုးညွှန်ပြရင်း သူက ယင်းသို့ ဆို၏။
“ပဉ္စငါးပါးစလုံး အသုံးဝင်တယ်လို့ သူများ ပြောကြလည်း ကိုယ်တွေက ဘယ်ကိုပို့ အသုံးချရမယ်မှန်းမှ မသိတာ၊ ဒီလိုပဲ ခုတ်ထွင်ရှင်းလင်းရင်း လှည်းကျင်းသန့်စင်ရင်း အမှိုက်ဖြစ်ကုန်တာပဲပေါ့” စိုက်ပျိုးသည့် တောင်သူအဖို့ရာ စိုက်ပျိုးထုတ်လုပ်ရုံသာ တတ်နိုင်ကြောင်း၊ ဈေးကွက်ဝေစု ရယူရန်မှာ မိမိတို့ချည်း မတတ်နိုင်ကြောင်း၊ အလတ်စား အကြီးစား စက်မှုလက်မှုလုပ်ငန်းရှင်များ၊ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ဆိုင်ရာ ကျွမ်းကျင်သူများက သက်ဆိုင်ရာအဆင့်ဆင့်နှင့် နည်းပညာပိုင်းဆိုင်ရာ၊ ဈေးကွက်ဆိုင်ရာ ချိတ်ဆက်ဆောင်ရွက်ပေးလျှင်မူ ယခုလို အချည်းနှီး အလဟဿ လေလွင့်ပြုန်းတီးကုန်ရခြင်းမျိုး ကင်းဝေးမည်သာမက အားကိုးထိုက်ဖွယ်ရာ ထုတ်ကုန်အမျိုးအစားသစ် တစ်မယ်ဖြစ်လာနိုင်ကြောင်း သူက သုံးသပ်စကား ဆိုသည်။

“ဈေးကွက်တကယ်ခိုင်မာရင် လုပ်ရဲတာပေါ့၊ လုပ်ချင်တာပေါ့ဗျာ၊ ဒန့်သလွန်ဆိုတာက ရေမြေရွေးတာမှ မဟုတ်တာ၊ အပူပိုင်း အာဖရိကမှာတောင် စိုက်ပျိုးနိုင် တင်ပို့နိုင်သေးတာလို့ ဖတ်ရကြားရတယ်။ ကျွန်တော်တို့လို ရေခံမြေခံကောင်းမှာစနစ်တကျ အားစိုက်မယ်ဆို မဖြစ်ထွန်းစရာ မရှိပါဘူး”ဟုလည်း ဆို၏။

မြန်မာနိုင်ငံ ဒန့်သလွန် နှင့် ရဲယိုသီး စိုက်ပျိုး ထုတ်လုပ်သူများ အစုအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ကိုက မွန်ပြည်နယ် သထုံ၊ ကျိုက်ထို စသည့် ဒေသထွက် ဒန့်သလွန်များမှာ ရန်ကုန် ဟင်းသီးဟင်းရွက် လက်ကားဈေးကွက်တွင် နေရာရသည်ကို တွေ့ရှိမြင်သိရကြောင်း ပြောသည်။

“ဒေသမျိုးရင်းကို စိုက်ပျိုးထုတ်လုပ်မယ်ဆိုရင် သုံးနှစ်အကြာလောက်မှ ငွေပေါ်မယ်၊ ဝင်ငွေရမယ်။ အိန္ဒိယ၊ ဗီယက်နမ် စတဲ့ ပြည်ပက ဝင်လာတဲ့ မျိုးရင်းကို စိုက်ရင်တော့ ခြောက်လဆို အသီး စတင်ပြီ၊ ကိုယ့်ရေကိုယ့်မြေမှာ မပေါက်ရောက် မဖြစ်ထွန်းနိုင်တာလည်း မဟုတ်တော့ စနစ်တကျ လုပ်နိုင်ဖို့ပဲ လိုတယ်”ဟုလည်း တိုက်တွန်း၏။
ချောင်းဆုံမြို့ခံ ဦးအေးကြူက သူ့အမြင်ကို ယခုလို ဆို၏။

အပူဒဏ်ခံ နှစ်ရှည်ပင်အမျိုးအစား ဒန့်သလွန်မှာ အာယုဗေဒနည်းလမ်းအရ ဖြည့်စွက်ဓာတ်စာအဖြစ် အာနိသင်ပြည့်ဝသလို ဘောဂဗေဒနည်းလမ်းအရ တွက်ခြေကိုက် လုပ်ငန်းတွင်ကျယ်နိုင်ကြောင်း၊ မြေဆီလွှာနှင့် ရာသီဥတုမရွေး ၊ မြေနေရာလည်း တသီးတသန့်မလို၊ စိုက်ပျိုး ပြုစုရလည်း လွယ်ကူသော အားသာချက်လည်း များစွာရှိမည်ယူဆကြောင်း သူက ဖတ်မှတ်လေ့လာမိသမျှအပေါ် ခြုံငုံ မှတ်ချက်ပြုလေသည်။
“ဒန့်သလွန် ဆေးဖက်ဝင်တာတော့ လူတိုင်း သိပါတယ် ၊ ဈေးကွက်ဝင်တာသာ မသိသေးကြတာ”ဟူ၍။ ။

မြတ်သွင်ဦး

Advertisements
<

Leave a Reply