Advertisements

 

မော်လမြိုင် အောက်တိုဘာ

မွန်ပြည်နယ်ထွက် ကွမ်းရွက်များကို တရုတ်နိုင်ငံမှ အဓိထား ဝယ်ယူလာသဖြင့် ဈေးနှုန်း မြင့်တက်လျက်ရှိကြောင်း မော်လမြိုင်မြို့၊ ဈေးကြီးရှိ အေးသူဇာကွမ်းရွက်အရောင်းဒိုင်မှ မအေးသူဇာက ပြောကြားသည်။

ယခုအခါ ကွမ်းရွက်သစ် ထွက်ပေါ်ချိန် ရာသီဖြစ်၍ ဆေးဖော်စပ်ရန် တရုတ်နိုင်ငံက ကျိုက်ထိုနှင့် ရေးမြို့နယ်တို့မှ ထွက်ရှိနေသာ ကွမ်းရွက်များကို အဝယ်လိုက်နေခြင်း ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ကွမ်းသစ်တွေကလည်း ထွက်ပြီဆိုတော့ တရုတ်က ပြန်ဝယ်လာတယ်လေ၊ သူတို့ဘက်က ကုန်သည်တွေက အဝယ်လိုက်တော့ ဈေးတွေက ပြန်တက်လာတာပေါ့”ဟု ၎င်းက ပြောသည်။

ယခင် အိမ်စားကွမ်း တစ်ပိဿာလျှင် ၄,ဝဝဝ ကျပ်၊ ယာကွမ်း တစ်ပိဿာလျှင် ၆,ဝဝဝ ကျပ်ရှိခဲ့ပြီး ယခုနှစ် အောက်တိုဘာလ ၈ရက်မှ စတင်ကာ အိမ်ကွမ်း ၆,၅ဝဝ ကျပ်နှင့် ယာကွမ်း တစ်ပိဿာလျှင် ၁ဝ,၅ဝဝ ကျပ်ထိ မြင့်တက်လာခဲ့ကြောင်း ဆက်လက်ပြောသည်။

ကွမ်းဈေးများ တက်လာသောကြောင့် ပြည်တွင်းကုန်သည်မှလည်း ကွမ်းများကို သိုလှောင်ထားကြပြီး ပြည်ပမှ ဝယ်ယူမှုများရှိနေပါက ဈေးနှုန်းသည် ထပ်မံမြင့်တက်လာမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
ပြည်တွင်းမှ ပွဲစား၊ ကုန်သည်များသည် ခြံထဲထိဆင်းကာ ကွမ်းရွက်များကို လိုက်လံဝယ်ယူနေပြီး ကွမ်းသစ်အဖွင့်ဈေးသည် ယခင်နှစ်များထက် ကောင်းမွန်ကြောင်း ရေးမြို့နယ်မှ ကွမ်းခြံပိုင်ရှင် ဦးအောင်ဖေက ပြောကြားသည်။

“အရင်နှစ်ထက်စာရင်တော့ အထွက်နှုန်းနည်းတယ်၊ ဒါပေမယ့် အဖွင့်မှာပဲ ဈေးကကောင်းတယ်၊ ပြည်ပအဝယ်လိုက်နေတော့ ကုန်သည်တွေက ခြံထဲထိလိုက်ဆင်းဝယ်နေတယ်၊ တစ်ခါတလေမှ သူတို့ဆီပို့ပေးရတယ်”ဟု ၎င်းက ပြောသည်။

ကွမ်းသစ်ထွက်ရှိခဲ့သော်လည်း ရာသီဥတုအပြောင်းအလဲကြောင့် ယခင်နှစ်ထက် အထွက်နှုန်း ၁၅ရာခိုင်နှုန်း နည်းပါးသွားကြောင်း ဆက်လက်ပြောသည်။

ထိုက်ထိုက်

Leave a Reply