Advertisements

ပြည်မြို့တရားရုံးဝန်းအတွင်း အမှုကိစ္စဆောင်ရွက်ရန်ထားရှိသော ဆိုင်ကယ်အချို့ မီးလောင်ကျွမ်း

ပြည်၊ အောက်တိုဘာ ၁၁ ရက်။

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပြည်မြို့နယ်တရားရုံးဝန်းအတွင်း အမှုကိစ္စဆောင်ရွက်ရန် သိမ်းဆည်းထား သော ဆိုင်ကယ်အချို့မှာ အောက်တိုဘာ ၁၁ ရက်၊ နံနက် (၅း၀၀)နာရီခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ပြည်ခရိုင်မီးသတ်တပ်ဖွဲ့မှ သိရှိရသည်။

အဆိုပါ မီးလောင်မှုမှာ ဆိုင်ကယ်များထားရှိရာ အနီးတွင် လမ်းသွား၊ လမ်းလာတစ်ဦးက ဆေးလိပ်မီးစွန့်ပစ်ရာမှ တစ်ဆင့် သစ်ရွက်ခြောက်များ မီးလောင်ကျွမ်းရာ ဆိုင်ကယ်များသို့ ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့မှ သိရသည်။

“သတင်းရရချင်းပဲ ကျွန်တော်တို့ ဒီကနေ ကားနဲ့ထွက်တယ်။ မီးလောင်ချိန်သိပ်မကြာဘဲ မီးကိုငြှိမ်းသတ်လိုက် နိုင်ပါတယ်။ လမ်းသွားလမ်းလာက ဆေးလိပ်မီးကို စွန့်ပစ်ပြီး တရားရုံးဝန်းထဲက ဆိုင်ကယ်တွေဆီ ကူးစက်သွား တယ်လို့ ယူဆတယ်။”ဟု ပြည်ခရိုင်မီးသတ်တပ်ဖွဲ့မှ လက်ထောက်မီးသတ်ဦးစီးမှူးက ပြောသည်။

အဆိုပါ မီးလောင်မှုကြောင့် ဆိုင်ကယ်(၅)စီးမှာ လုံးဝပျက်စီးလောင်ကျွမ်းသွားခဲ့ပြီး အနီးရှိဆိုင်ကယ်(၈)စီးခန့်မှာ လည်း မီးအဟပ်ခံရခြင်းကြောင့် ပျက်စီးမှုအနည်းငယ်စီရှိခဲ့ကြောင်း သိရသည်။

“ကျွန်တော် အပေါ်ထပ်ကလှမ်းကြည့်တော့ မီးတောက်က လူတစ်ရပ်ကျော်နေပြီ။ လမ်းသွားတဲ့တစ်ယောက်က မီးလောင်နေပြီဆိုပြီးအော်သွားတာ။ ဆိုင်ကယ်တွေဆိုတော့ ပေါက်ကွဲမှာဆိုးလို့ ကျောက်စည်ထဲက ရေဆွဲပြီး ဝိုင်းငြှိမ်းကြတာ။ သိပ်မကြာဘူး။ မီးသတ်ကားတွေရောက်လာတယ်။”ဟု ပြည်မြို့နယ် တရားရုံးအနီးနေထိုင်သူ ကိုဇော်ဟိန်းက ပြောသည်။

အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍ (ပ)၁၃၄၁/၂၀၁၇၊ ပုဒ်မ ၂၈၅ အရ ပြည်မြို့ အမှတ်(၁) ရဲစခန်းက အမှုဖွင့် ထားကာ ဆေးလိပ်မီးကို ပေါ့ဆစွာစွန့်ပစ်ခဲ့သော လမ်းသွား၊ လမ်းလာအား အမြန်ဆုံးဖော်ထုတ်နိုင်ရန် ရှာဖွေ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျှက်ရှိကြောင်း သိရသည်။

Written by MMK

Leave a Reply