Advertisements

ပြည်၊ အောက်တိုဘာ ၄ ရက်။
ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ ပြည်မြို့၌ သီတင်းကျွတ်ကာလတွင် ကာတွန်းဆရာ ကာဠု၏ သတင်းစာ၊ ဂျာ နယ်များတွင် ဖော်ပြခံခဲ့ရသော ကာတွန်းများအား မီးထွန်းပွဲတော်နှင့်အတူ လမ်းများတစ်လျှောက်ချိတ်ဆွဲပြသ သော ကာတွန်းပြပွဲကို (၇)ကြိမ်မြောက်ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါကာတွန်းပြပွဲကို ပြည်မြို့၊ နဝင်းကမ်းနားလမ်း ဘောဂကွက်သစ်နှင့် ဖောင်တော်ဦးစေတီအနီး လမ်းသွယ် များရှိ လမ်းဘေးဝဲယာ ရောင်စုံမီးတန်းတစ်လျှောက် ချိတ်ဆွဲပြသခြင်းဖြစ်ပြီး သီတင်းကျွတ်လဆန်း ၁၂ ရက်မှ စတင်ကာ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့အထိ ပြသသွားဖြစ်ကြောင်း သိရသည်။

“သတင်းစာ၊ ဂျာနယ်တွေမှာဖော်ပြခဲ့တဲ့ ကျွန်တော့်ရဲ့ကာတွန်းအများစုပေါ့။ အဲဒါတွေကို ကျွန်တော်တို့မြို့ကသူ တွေ တစ်စုတစည်းတည်းမြင်တွေ့ခံစားနိုင်အောင် ရည်ရွယ်ပြီးလုပ်တာပါ။”ဟု ကာတွန်း ကာဠုက ပြောသည်။

ယခုအစိုးရလက်ထက်နှင့် ဦးသိန်းစိန်အစိုးရလက်ထက်အတွင်း သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြခြင်းခံခဲ့ရ သော ကာတွန်းများနှင့် စာမျက်နှာများပေါ်တွင် ဆင်ဆာကြောင့်ပယ်ချခံရသော ကာတွန်းများထဲမှ စိတ်ကြိုက် ကာတွန်းကားချပ်စုစုပေါင်း(၂၀၀)ခန့်ကို ယခုပွဲတွင် စုစည်းပြသခဲ့ကြောင်းသိရသည်။

ပြည်မြို့တွင် ကာတွန်းတာတီး၊ ကာတွန်း ကာဠု၊ ကာတွန်း ရွှေထူး၊ ကာတွန်း စိုးမြတ်၊ ကာတွန်း စိုးသော်တာ၊ ကာတွန်း ဖိုးချွဲ(ကွယ်လွန်)၊ ကာတွန်း မျိုးမြင့်မြတ်(ခေတ္တ-ရန်ကုန်)၊ ကာတွန်း မောင်မောင်ဇော်၊ ကာတွန်း လူကြီး(ဝက်ထီးကန်)စသည်တို့အပါအဝင် ကာတွန်းဆရာ(၁၀)ဦးကျော်ခန့်ရှိကြောင်း သိရသည်။

သီတင်းကျွတ်ကာလ၌ ပြည်မြို့တွင် အဆိုပါကာတွန်းပြပွဲအပြင် ရပ်ကွက်၊ လမ်းများအလိုက် ဆီမီးထွန်းပွဲများ ရောင်စုံလျှပ်စစ်မီးထွန်းပွဲတော်များ၊ နိဗ္ဗာန်ဈေးပွဲတော်များ၊ မဟာဒုတ်အလှူများ ချောတိုင်တက်ပွဲများ၊ ဆွမ်း တော်ကြီးကပ်လှူပွဲများလည်း ပြုလုပ်လေ့ရှိကြောင်း သိရသည်။

Written by – MMK

Advertisements
<

Leave a Reply