Advertisements

မော်လမြိုင်၊ စက်တင်ဘာလ ၁၉

ပြီးခဲ့သည့် သြဂုတ်လ အတွင်းကမြေပြိုမှုများ ဖြစ်ပေါ် ခဲ့သည့်ပေါင်မြို့နယ်ကတောင်းတန်းများတွင် ထပ်မံမြေပြိုကျနိုင်သည့် နေရာများ တွေ့ရှိထားသော်လည်း အများပြည်သူ စိုးရိမ်ထိတ်လန့်မှု မဖြစ်ပေါ်စေရန် ထုတ်ပြန်ပြောဆို မှုများမပြုလုပ်နိုင်သေးကြောင့် မွန်ပြည်နယ်သယံဇာတ နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာမင်းကြည်ဝင်း က ပြောကြားသည်။

သြဂုတ်လ အတွင်း က ဖြစ်ပွားခဲ့သည် ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာ က မလတ်တောင်ပြိုကျ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေး ဦးစီးဌာနမှ ပညာရှင် များက လေ့လာ မှုများ ပြုလုပ်ရာတွင် ထပ်မံ မြေပြိုကျနိုင် သည့် နေရာ ၂၁ နေရာ ကိုတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ၎င်း ကထပ်လောင်း ပြောကြားသည်။

စက်တင်ဘာလ ၁၉ရက်နေ့တွင် ကျင်းပသော ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ၁၄ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ပေါင်မြို့နယ် မဲဆန္ဒနယ်မြေအမှတ်(၂)က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဇော်ထူး က ပေါင်မြို့နယ်အတွင်း မြေပြိုကျမှုဖြစ်စဉ်များ နှင့်ပတ်သက်ပြီး ပညာရှင်များဖြင့် စမ်းသပ်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်း ကိုဖြေကြားရာ ၎င်း ကယင်းသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

“၂၁ နေရာကို အတိအကျမြေပုံအညွှန်းက ဖော်ပြထားပေးတာဖြစ်ပါတယ်။ ဖော်ပြထားတဲ့ ဧရိယာနဲ့ ကိုက်ညီတဲ့ လူနေရပ်ကွက်တွေကို တင်ပြမယ်ဆိုရင် ကျွန်တော်တို့က သက်ဆိုင်တဲ့ မြို့နယ် အုပ်ချုပ်ရေးအပိုင်းအဖွဲ့နဲ့ ညှိ နှိုင်းပြီး အသေးစိတ်ဆောင်ရွက်ရမယ့် လုပ်ငန်းတွေဖြစ်ပါတယ်။ ဘယ်နေရာလဲ အတိအကျထောက်ပြဖို့က ပြသနာရှိပါတယ်” ဟု ဒေါက်တာမင်းကြည်ဝင်းကဆိုသည်။

ယင်းအပြင် မြေပြိုနိုင်သည့် နေရာများနှင့် ပတ်သက်ပြီး လက်ရှိတွင် တိတိကျကျမပြောနိုင်သေးကြောင်း သတင်းအချက်အလက်များ စုစည်းပြီးမှသာ ပြည်သူတွေကို အသိပေးသွားမည်ဖြစ်သည်ဟု ၎င်း က ဆိုသည်။

“အချက်အလက်တွေကို ပြန်ပြီး စုစည်းနေပါတယ် ပြိုနိုင်တာ တိကျသချာမှုရှိမယ်ဆိုရင် ဒီမှာ နေလို့ မသင့်တော့ဘူး။ ရွေ့ရမယ် ရွေ့မယ်ဆိုရင်တော့ သူ့အတွက် နေအိမ်ကို ဖျက်ရမယ်။ တစ်နေရာပေးရမယ်။ ရွေ့ရမယ် တည်ဆောက်ခြင်းလုပ်ငန်းလုပ်ပေးရမယ်။ ဒါတွေအများကြီးရှိပါတယ်”။ ဟု ဒေါက်တာမင်းကြည်ဝင်းက ဆိုသည်။

ယင်းမေးခွန်း နှင့် ပတ်သက်ပြီး ပြည်နယ်အစိုးရအဖွဲ့၏ ဖြေကြားမှု ကို ကျေနပ်ခြင်းမရှိသောကြောင့် စာဖြင့် နောက်ဆက်တွဲ မေးခွန်းထပ်မံမေးမြန်းသွားမည်ဖြစ်ကြောင်း ပေါင်မြို့နယ် မဲဆန္ဒနယ်မြေအမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဇော်ထူးက ပြောသည်။

“ ပြိုနိုင်ခြေရှိတယ် နေရာမှာ ၂၁ရှိတယ်လို့ပြောပြီး ဘယ်နေရာလဲဆိုတာတော့ ဖြေဆိုသွားတာမရှိဘူး။ ဓါတ်ပုံမှတ်တမ်းပဲပေးသွားတယ်။ အဲ့နေရာကိုပဲ ဆက်လက်ကြည့်ရှုရမယ့် သဘောဖြစ်နေတာပေါ့နော် ကျောက်မိုင်းကြောင့်လားဆိုတော့လည်း ဝန်ကြီးက ဖြေဆိုသွားတာတော့ မရှိဘူးပေါ့လေနော်” ဟု ဦးဇော်ဇော်ထူးက ဆိုသည်။

မွန်ပြည်နယ် ပေါင်မြို့နယ် သဲဖြူကုန်း ကျေးရွာတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး မလတ်တောင်ပြိုကျမှု ကြောင့် လူပေါင်း ၇၀ ကျော်သေဆုံးခဲ့သည်။

ရန်လင်းအောင်

Advertisements
<

Leave a Reply