ဘားအံ၊ အောက်တိုဘာ

မိမိတို့နယ်မြေများအတွင်း အစိုးရ၏ စီမံကိန်းဖော်ဆောင်နေမှုနှင့်ပတ်သက်၍ ဘေးထွက်ဆိုးကျိုးများကို အကာအကွယ်ပေးနိုင်သည့် ဥပဒေများ မရှိသေးသောကြောင့် ဆိုးကျိုးသက်ရောက်စေမည့် ရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြုမည်မဟုတ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုဌာနချုပ်၊ လေးဝါးစခန်းတွင် ဗဟိုအမြဲတမ်းကော်မတီ အရေးပေါ်အစည်းအဝေးကို အောက်တိုဘာ၄ရက်မှ ၇ ရက်အထိဆွေးနွေးကြပြီးနောက် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ဘားအံမြို့နယ်၊ ဝတ်ကြီးကျေးရွာအုပ်စုတွင် တည်ဆောက်မည်ဖြစ်သော ၁၂၈၀ မဂ္ဂါဝပ် ကျောက်မီးသွေးလောင်စာသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်ရေးစီမံကိန်းနှင့်ပတ်သက်၍ အစိုးရနှင့် KNU နှစ်ဖက် အပစ်အခတ်ရပ်စဲထားသော နယ်မြေသတ်မှတ်ပိုင်းခြားနိုင်မှု မရှိသေးသော ဒေသကျေးရွာများတွင် သဘာဝပတ်ဝန်းကျင်နှင့် ပြည်သူများကို ထိခိုက်မည့် အဆင့်မြင့်နည်းပညာသုံး စီးပွားရေးလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုများကို ခွင့်မပြုကြောင်း၊ ဘေးထွက်ဆိုးကျိုးများကို အကာအကွယ်ပြုနိုင်သည့် ဥပဒေ၊ နည်းဥပဒေများ မရှိသေးသရွေ့အဆိုပါရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြုမည်မဟုတ်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အဆိုပါအစည်းအဝေးတွင် KNU က လုပ်ဆောင်လျက်ရှိသည့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များကို ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြသည့်အပြင် ကြားကာလဆိုင်ရာမူဝါဒများ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒများအပြင် လက်ရှိနိုင်ငံရေးအခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ကြေညာချက်အရသိရသည်။

“ကျွန်တော်တို့အမြင်ကတော့ အရင်အစိုးရအဆက်ဆက်က ဆိုးကျိုးတွေ ပေးခဲ့တာကို ခံစားဖူးထားတော့ ဒေသခံတွေ ကြောက်နေကြပြီ။ ဒါကို အစိုးရအနေနဲ့ ပွင့်ပွင့်လင်းလင်း ရှင်းပြချပြတာမျိုး၊ တစ်ဖက်ကလည်း ဥပဒေတွေ နည်းဥပဒေတွေ ခိုင်ခိုင်မာမာရေးဆွဲပြီး ပြဋ္ဌာန်းဆောင်ရွက်တာမျိုး ရှိသင့်တယ်လို့ ထင်ပါတယ်။ အစိုးရမှာ ခိုင်ခိုင်မာမာ မချပြနိုင်သေးတော့ အရပ်ဘက်အဖွဲ့အစည်းတွေရောဒေသခံတွေရော ဒီကျောက်မီးသွေး စက်ရုံစီမံကိန်းလုပ်လာမှာကို စိုးရိမ်နေကြတာပါ”ဟု အရပ်ဘက်စီမံကိန်းဆိုင်ရာများ လေ့လာစောင့်ကြည့်သူ စောမောင်ဆွေက ပြောသည်။

KNU တပ်မဟာ(၄)၊ မြိတ်-ထားဝယ်ခရိုင်နယ်မြေအတွင်း အမျိုးသားဥယျာဉ်၊ သစ်တောကြိုးဝိုင်းသတ်မှတ်ခြင်းနှင့် ထိန်းသိမ်းရေးလုပ်ငန်းများအတွက် ဝင်ရောက်လုပ်ကိုင်မှုများမှာ ငြိမ်းချမ်းရေးတည်ဆောက်ဆဲ လက်ရှိကာလ၌ အခက်အခဲဖြစ်လာသည့်အတွက် သယံဇာတဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်၍ KNU ၏မူဝါဒကို အခြေခံပြီး ထိန်းသိမ်းစောင့်ရှောက်သွားမည်ဟုလည်း အထက်ပါထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

KNU ကရင်အမျိုးသားအစည်းအရုံး၏ ရှေ့ဆက်သွားမည့် နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စီးပွားရေး၊ သစ်တော၊ သယံဇာတနှင့် မူဝါဒဆိုင်ရာများကို ဗဟိုအမြဲတမ်းကော်မတီဝင် ၄၇ ဦးနှင့် လေ့လာသူ ၂ဦး တက်ရောက်ဆွေးနွေးခဲ့ကြပြီး အောက်တိုဘာ ၇ ရက် ရက်စွဲဖြင့် အချက် ၆ချက် ပါ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Written by – ရာဟု(ဖားအံ)

Leave a Reply