Advertisements

နိုင်ငံခြားသား ဝင်ရောက်မှုကို သတင်းပို့ရန် ပျက်ကွက်သည်ဟုဆိုကာ ကျိုက်မရောမြို့နယ်၊ တရနာကျေးရွာ အမျိုးသမီး အုပ်ချုပ်ရေးမှူးကို အစိုးရအဖွဲ့က တာဝန်မှ ရပ်စဲလိုက်သည်။

ထိုအုပ်ချုပ်ရေးမှူးသည် NLD အစိုးရ လက်ထက်၌ ပြန်လည် ပြင်ဆင်ထားသော တတိယအကြိမ် ရပ်/ကျေးဥပဒေဖြင့် ရွေးကောက် တင်မြှောက်ခံထားရသူဖြစ်ပြီး ထိုကိစ္စကြောင့် မွန်ပြည်နယ်တွင် ပထမဆုံး တာဝန်မှရပ်စဲခံရသည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူး ဖြစ်သည်။

ရပ်/ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးက သတင်းပို့ရန် ပျက်ကွက်မှုကြောင့် တာဝန်မှရပ်စဲခြင်းအတွက် အစိုးရအဖွဲ့ကို မေးခွန်းထုတ်မှုများလည်း ရှိလာခဲ့သည်။

ရပ်/ကျေးအုပ်ချုပ်ရေးမှူးသည်လည်း ဥပဒေအရ အစိုးရအဖွဲ့နည်းတူ ပြည်သူ့ဆန္ဒမဲဖြင့် ရွေးကောက် တင်မြှောက်ခံရသူများဖြစ်သည်။

“အခုလို နိုင်ငံခြားသား နေထိုင်တာသတင်းမပို့လို့ အုပ်ချုပ်ရေးမှူး တာဝန်ကနေ ရပ်စဲလိုက်တာက ပြစ်ဒဏ်ကြီးလေးသလားလို့ မြင်မိတယ်” ဟု မွန်ပြည်နယ် လွှတ်တော် တိုင်းကြာစာ၊ အသနားခံစာ၊ တင်ပြစာနှင့် အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်သူက သုံးသပ်သည်။

နိုင်ငံခြားသားဝင်ရောက်မှုသည် ဥပဒေအရ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက မဖြစ်မနေသိထားရမည့်ကိစ္စဖြစ်ပြီး အခုလို အရေးယူဆောင်ရွက်သည့် အခြေအနေမှာမျှတမှုအတွက် စဉ်းစားစရာ ဖြစ်နေသည်ဟုလည်း ၎င်းင်းက ဝေဖန်ပြောဆိုသည်။

ဖြစ်စဉ်မှာ တရနာကျေးရွာမှာ နေထိုင်ခဲ့ဖူးသော မြန်မာနိုင်ငံသား ဦးမွန်ချိုသည် နိုင်ငံခြားသို့ ထွက်ခွာပြီး အမေရိကန်နိုင်ငံသားအဖြစ် ခံယူထားကာ အဆိုပါကျေးရွာသို့ ပြန်လည်ရောက်ရှိခဲ့ခြင်းကို သတင်းပို့ရန် ပျက်ကွက်မှုကြောင့် ဖြစ်သည်။

အမေရိကန် နိုင်ငံသားအဖြစ် ခံယူထားသည့် ဦးမွန်ချိုသည် တစ်ရွာတည်းနေ ဦးလှမောင်၏ ခြံဝင်းဖျက်ဆီးမှုကို ကျေးရွာအုပ်ချုပ်ရေးမှူးမှ တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်းမရှိဟုဆိုကာ အစိုးရအဖွဲ့ထံ ပေးပို့ခဲ့သည့် တိုင်ကြားစာက ယင်းဖြစ်စဉ်ကိုအစပြုခဲ့ခြင်းဖြစ်သည်။

တိုင်ကြားစာ ရောက်ရှိပြီးနောက် အစိုးရအဖွဲ့က မော်လမြိုင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို စစ်ဆေးရန် တာဝန်ပေးအပ်ခဲ့သည်။

မွန်ပြည်နယ် အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက အဆိုပါ အုပ်ချုပ်ရေးမှူး အရည်အချင်း ပျက်ယွင်းမှုမှာ ခရိုင်ထွေ/အုပ် စစ်ဆေးတွေ့ရှိချက်ကို အခြေခံပြီး အစိုးရအဖွဲ့မှ ဧပြီ ၂၅ရက်မှာ တာဝန်မှရပ်စဲရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်းပြောသည်။

“နိုင်ငံခြားသား ဝင်ရောက်နေထိုင်တဲ့ ဖြစ်စဉ်တွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက မသိတဲ့အခါ လုံခြုံရေးပါ ထိခိုက်လာနိုင်မယ့် အနေအထားတွေ တွေ့ရတဲ့အတွက် အစိုးရအဖွဲ့ရဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ တာဝန်က ရပ်စဲလိုက်တာ ဖြစ်တယ်”ဟုဦးမြင့်သန်းဝင်းက ဆိုသည်။

အစိုးရအဖွဲ့၏ တာဝန်မှ ရပ်စဲကြောင်း ဖြေရှင်းချက်နှင့်ပတ်သက်ပြီး အုပ်ချုပ်ရေးမှူး မိသန်းဌေးက ဧပြီ ၃၀ ရက်တွင် မော်လမြိုင်မြို့ရှိ မြန်မာပြည်တောင်ပိုင်း ဂျာနယ်လစ်ကွန်ရက်ရုံး၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှာ အခုလို တုံ့ပြန်ချေပလိုက်သည်။

“ကျွန်မကို တာဝန်မှ ရပ်စဲလိုက်တဲ့ အချက်အလက်တွေဟာ လုံးဝမှန်ကန်မှု မရှိဘူး”ဟု ၎င်းက ဆိုသည်။

တရနာကျေးရွာတွင် နှစ်စဉ် နိုင်ငံခြားသို့ ထွက်ခွာသူ အရေအတွက် များစွာရှိနေသဖြင့် ဦးမွန်ချိုသည် ကျေးရွာနေ ပြည်သူ တစ်ဦးဖြစ်သည့်အတွက်ကြောင့် အမေရိကန်နိုင်ငံသားအဖြစ် ခံယူထားခြင်းကို မသိရှိခဲ့ကြောင်း မိသန်းဌေးက ပြောသည်။

ထို့အပြင် ဦးမွန်ချိုက တစ်ရွာတည်းနေ ဦးလှမောင် ပိုင်ဆိုင်သည့် ခြံဝင်းကို ဖျက်ဆီးမှုပြုလုပ်သည့်ကိစ္စကို အရေးယူ ဆောင်ရွက်ခြင်း မရှိခြင်း မဟုတ်ဘဲ ထိုနေ့က ရာအိမ်မှူး တစ်ဦးအားစေလွှတ်ပြီး တားမြစ်စေခဲ့ကြောင်း ၎င်းင်းကရှင်းပြသည်။

တားမြစ်နိုင်သည့် အခြေအနေမရှိသည့် နောက်ဆုံးတွင် တရနာကျေးရွာ ရဲကင်းသို့ အပ်နှံခဲ့သလို အဆိုပါရဲကင်းကလည်း ဦးမွန်ချိုကို အမေရိကန်နိုင်ငံသား ခံယူထားသည်ကို မသိသည့်အခြေအနေတွင်ရှိခဲ့သည်။

ထိုကိစ္စအတွက် ဦးမွန်ချိုကို ၂၀၁၇ နိုဝင်ဘာတွင် မိမိအပါအဝင် မြို့နယ်ထွေ/အုပ်ဦးစီးမှူးနှင့် လဝက ဦးစီးမှူးတို့ စစ်ဆေး မေးမြန်းရာမှ အမေရိကန်နိုင်ငံသားအဖြစ် ခံယူထားခြင်းကို သိရှိခဲ့ကြောင်း မိသန်းဌေးက ဆိုသည်။

ဦးမွန်ချိုအား စစ်ဆေးမှုအရ ၎င်းင်းမှာ မြန်မာနိုင်ငံသို့ ခိုးဝင်လာရောက်ခြင်း မဟုတ်ဘဲ ပြည်ဝင်ဗီဇာဖြင့် ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

ဦးမွန်ချို လာရောက်ရှိမှုကို သက်ဆိုင်ရာသို့ သတင်းပို့ရန် ပျက်ကွက်ခြင်း မဟုတ်ဘဲ ကျိုက်မရောမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှူးနှင့် ကျိုက်မရောမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးမှူးတို့ သိရှိထားပြီးဖြစ်ခြင်းကြောင့်ဟု မိသန်းဌေးကရှင်းလင်း ပြောဆိုသည်။

အဆိုပါ ကိစ္စအတွက် ပြည်နယ်အစိုးရသို့ တိုင်ကြားစာ ပေးပို့ခဲ့သည့် ဦးလှမောင်သည် တရနာကျေးရွာရှိ အုပ်ချုပ်ရေးမှူး ရုံးပိုင်မြေကို ၎င်းင်းမြေဟုဆိုကာ ဥပဒေမဲ့ ခြံစည်းရိုးကာရန်မှုကြောင့် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၄၂၀ ဖြင့် မြို့နယ်တရားရုံးတွင် မိမိ ကိုယ်တိုင် အမှုဖွင့်ထားသူဖြစ်ကြောင်း ၎င်းင်းက ပြောသည်။

“တရားခံဖြစ်နေတဲ့သူက တိုင်လိုက်တာနဲ့ အခုလို ခရိုင်နဲ့ မြို့နယ်စစ်ဆေးပြီး တာဝန်ကနေ ရပ်စဲလိုက်တယ်ဆိုတာက ဘယ်လိုမှ မဖြစ်သင့်ဘူး ဒါသက်သက်ညစ်ပတ်တာ” ဟု တရနာကျေးရွာနေ ဦးမင်းကရိုင်းက ပြောဆိုသည်။

ထို့အပြင် အမှုရင်ဆိုင်နေရသည့် သူ၏ တိုင်ကြားမှုကြောင့် ပြည်သူ ရွေးကောက် တင်မြှောက်ထားသော အုပ်ချုပ်ရေးမှူးကို တာဝန်မှ ရပ်စဲလိုက်ခြင်းသည် မဖြစ်သင့်ကြောင်း ၎င်းက ရှုမြင်သည်။

တရနာကျေးရွာအုပ်ချုပ်ရေးမှူး မိသန်းဌေးအား တာဝန်မှရပ်စဲခံရမှုနှင့် ပတ်သက်ပြီး ကျေးရွာဒေသခံတစ်ဦးက အခုလိုပဲ သူ့အမြင်ကို ပြောဆိုသည်။

“ဥပဒေအတိုင်း သွားတဲ့သူ အားပေးအားမြှောက်ပြုရာ မကျပဲ တရားဥဒေစိုးမိုးရေးကို ဖျက်လိုဖျက်ဆီးလုပ်တယ်လို့ဘဲ ကျွန်တော်က မြင်တယ်”ဟု ၎င်းက ဆိုသည်။

မိမိတို့ ကျေးရွာအုပ်ချုပ်ရေးမှူးအား အစိုးရအဖွဲ့မှ တာဝန်ရပ်စဲမှုကို ကျေးရွာနေဒေသခံများ ကျေနပ်မှုမရှိကြောင်းနှင့် ယခုအခါ အခြေအနေကို ပြန်သုံုးသပ်ပေးရန် လက်မှတ်ကောက်ခံ၍ အစိုးရထံ တင်ပြသွားမည်ဟု ဒေသခံများက ပြောသည်။

ထိုကိစ္စကို ပြည်နယ်အစိုးရအဖွဲ့မှ ဆောင်ရွက်ခြင်းမရှိပါက ပြည်ထောင်စု အစိုးရအဖွဲ့မှ တစ်ဆင့် နိုင်ငံတော်သမ္မတအထိ တင်ပြသွားရန်လည်း ဒေသခံတို့ကဆန္ဒရှိနေသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ကိုင်တွယ်စစ်ဆေးခဲ့သည့် မော်လမြိုင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ဟင်္သာမီဒီယာက သွားရောက်မေးမြန်းခဲ့သော်လည်း မြို့နယ်၌ သွားမေးမြန်းရန်သာ ပြောဆိုသည်။ ထို့ကြောင့် မြို့နယ်ထွေ/အုပ်ကို သွားရောက် မေးမြန်းရာမှာ မြို့နယ်အုပ်ချုပ်ရေးမှူး အစည်းအဝေး သွားနေကြောင်းနှင့် ထိုကိစ္စကို ခရိုင်ကသာ ပိုသိကြောင်း ပြန်လည်ဖြေဆိုခဲ့သည်။

မည်သို့ပင်ဖြစ်စေ မွန်ပြည်နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးပေါင်း ၄၆၈ ဦး ရှိနေသည်။ ထိုအုပ်ချုပ်ရေးမှူးများအနက် ၁၅ ဦးကို ပြီးခဲ့သည့်နှစ်အတွင်းက အဂတိလိုက်စားမှု၊ လုပ်ထုံးလုပ်နည်း ကျော်လွန်မှုများ ပြုလုပ်ခဲ့သည်ဟုဆိုကာအစိုးရအဖွဲ့က တာဝန်မှ ရပ်စဲခဲ့သည်။

ထိုသို့ တာဝန်မှရပ်စဲရာတွင် ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးဌာန၏ စုံစမ်းစစ်ဆေးမှု၏ ရလဒ်များဖြင့် ဆုံးဖြတ်ချက် ချမှတ်ခြင်းဖြစ်သည်။

ပြည်သူ ရွေးကောက်တင်မြှောက်ထားသည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးကို ထွေ/အုပ်ဦးစီးဌာနက တာဝန်မှ ရပ်ဆိုင်းနိုင်ခြင်းအပေါ် မွန်ပြည်နယ် လွှတ်တော် ဥပဒေပြုရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌဒေါ်ခိုင်ခိုင်လဲ့က အခုလိုသုံးသပ်သည်။
“ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေဟာ ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ သူတွေဖြစ်တော့ ဥပဒေရဲ့ တာဝန်မှ ရပ်နားခြင်း၊ ရပ်ဆိုင်းခြင်း အပိုဒ်ကို ပြန်လည် ပြင်ဆင်သင့်တယ်၊ ဥပဒေကို ပြန်လည်ပြင်ဆင်ဖို့ စဉ်းစားသင့်တယ်”ဟု ၎င်းင်းကပြောသည်။

၂၀၁၆ ဒီဇင်ဘာလ အတည်ပြုခဲ့သည့် တတိယအကြိမ် ပြင်ဆင်သည့် ရပ်ကျေး ဥပဒေ၏ အခန်း(၈) ဥပဒေ ပုဒ်မ ၁၅ တွင် မြို့နယ်အုပ်ချုပ်ရေးမှူးသည် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တစ်ဦးဦးနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုပြုရန်လိုအပ်ပါက အဖွဲ့ဖြင့် စုံစမ်းစစ်ဆေးမှုပြုပြီး နုတ်ထွက်ခွင့်ပြုခြင်း၊ တာဝန်မှ ယာယီရပ်ဆိုင်းခြင်း သို့မဟုတ် ရပ်စဲခြင်း ပြုနိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

သို့သော်လည်းယခုဖြစ်စဉ်သည် ရည်ရွယ်ချက်မရှိဘဲသတင်းပို့ရန် ပျက်ကွက်မှုကို ပြင်းထန်စွာအရေးယူမှု ပြုခြင်းသည် မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း ဦးအောင်ကျော်သူက ဆိုသည်။

“ဒီဖြစ်စဉ်ဟာ တာဝန်မှ ရပ်စဲတာတော့ မဖြစ်သင့်ဘူး၊ ပြင်းထန်စွာ ခေါ်ယူသတိပေးလိုက်တာမျိုးသာ ဖြစ်သင့်တယ်” ဟု၎င်းက ဆိုသည်။

ဆက်လက်၍ မော်လမြိုင် လှိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းလွင်ဦး မှတ်ပုံတင်နှစ်ခု ကိုင်ဆောင်မှုကို အစိုးရအဖွဲ့မှ နှစ်နှစ်ခန့် ကြာသည်အထိ အရေးယူမှုမရှိခြင်းကို ထောက်ချင့်၍ ယခုဖြစ်စဉ်အပေါ် အောက်ပါအတိုင်း ဝေဖန်သည်။

“မော်လမြိုင်က လှိုင်အုပ်ချုပ်ရေးမှူးဆိုရင်လည်း မှတ်ပုံတင် နှစ်ခုကိုင်ဆောင်မှုနဲ့ ပြည်ထောင်စုကနေ စစ်ဆေးတဲ့အခါ ပေါ်ပေါက်တယ် ဒါပေမဲ့ လက်ရှိအချိန်ထိ အနားပေးခြင်း မရှိဘူး။ အုပ်ချုပ်ရေးမှူးတာဝန်ကို ထမ်းဆောင်နေတုန်းပဲ၊ ဒါကြောင့် အခုလိုဖြစ်စဉ်နဲ့ ယှဉ်မယ်ဆိုရင်တော့ ဥပဒေကို လိုရင်လိုသလို သုံးတာလား ဆိုတဲ့ မေးခွန်းပြန်ထုတ်စရာမျိုးတွေ ဖြစ်လာတယ်”ဟူ၍ဖြစ်သည်။

သက်ပိုင်

Advertisements
<

Leave a Reply